တံတား ၁၅ စင်း တည်ဆောက်မှု ပါဝင်မည့် ပဲခူး-သနပ်ပင်-သန်လျင်လမ်းပိုင်း အဆင့်မြှင့်တင်မှု


09 December, 2020

ပဲခူး-သနပ်ပင်-သန်လျင်လမ်းပိုင်း အဆင့်မြှင့်တင်မှုတွင် လမ်းပိုင်းအတွင်းရှိ တံတား ၁၅ စင်း တည်ဆောက်မှု ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန(စီမံရေး) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး၏ ပြောပြကြားချက်အရ သိရသည်။

        ပဲခူး-သနပ်ပင်-သန်လျင်လမ်းပိုင်းနှင့် လမ်းကွန်ရက် ချိတ်ဆက်အသုံးပြုနိုင်ရန် ပဲခူးမြို့နာရီစင်အနီးမှ စိန်သာလျောင်းဘုရား လမ်းမိုင် ၁ မိုင် ၇ ဖာလုံကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ဖောက်လုပ်ပြီးဖြစ်သည်။

ဆက်လက်၍ အဆင့်မြှင့်တင်ဖောက်လုပ်မည့်လမ်းပိုင်းသည် မိုင် ၆၀ ကျော်ရှိမည်ဖြစ်ပြီး ပဲခူးမြို့မှ သန်လျင်မြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်အထိ ဖောက်လုပ်မည်ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ဖောက်လုပ်ပြီးပါက သီလဝါအထူးစီးပွားရေးဇုန်နှင့် ကုန်သွယ်မှုအပိုင်းတွင် အဆင်ပြေချောမွေ့ လာစေမည်ဖြစ်ပြီး ကုန်သွယ်ရေးဏ္ဍအတွက် အရေးပါသောလမ်းပိုင်းဖြစ်လာမည်ဖြစ်ကြောင်းနှင့် ယင်းလမ်းပိုင်းအတွင်းတံတား ၁၅ စင်းကိုလည်း ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

        "ADB ရဲ့ ချေးငွေနဲ့ ဒီလမ်းပိုင်းကို အဆင့်မြှင့်တင်ဆောင်ရွက်မှာပါ။ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ကုန်သွယ်မှုမှာ ကုန်တင်ကားတွေကို ဒီလမ်းပိုင်းကနေ သွားလာနိုင်ဖို့အထိ လုပ်ဆောင်မှာဖြစ်ပါတယ်။ မြို့တွင်းလမ်းပိုင်းတွေကို ရှောင်ရှားသွားလာနိုင်မှာဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှုလည်း နည်းသွားမယ်။ လက်ရှိ သန်လျင်ဘက်ခြမ်းမှာလည်း လမ်းတွေကို အဆင့်မြှင့်တင်တာတွေလုပ်နေသလို ပဲခူးဘက်မှာလည်း ချိတ်ဆက်ဖို့လုပ်ထားပါတယ်" ဟု ဦးအောင်မြင့်ဦးက ပြောသည်။

 

        အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်မှုကို အောက်တိုဘာလတွင် စတင်လုပ်ဆောင်နိုင်ရန်မျှော်မှန်းထားပြီး အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေရယူဆောင်ရွက်မည်ဖြစ်ရာ လက်ရှိတွင် ဘဏ်ချေးငွေရရှိထားပြီး ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်ဖြစ်ကြောင်း၊ လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းဆောင်ရွက်နိုင်ရန် လာမည့်မိုးရာသီကုန်တွင် တင်ဒါခေါ်ယူပြီးပါက အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

Region Read 146 times