စတင် တည်ဆောက်လျက်ရှိသော ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃ )


07 December, 2019

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ် တို့သို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃) ကို စတင် တည်ဆောက်လျက်ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။

''တံတားတည်ဆောက်ရေးလုပ်ငန်း စနေပါပြီ။ တံတားတည်ဆောက်နေစဉ်မှာ လမ်းကို လုံးဝပိတ်မှာ မဟုတ်ပါဘူး။ လမ်းမှာ မတော်တဆယာဉ်ပျက်ရင် ပြဿနာရှိနိုင်လို့ ရတနာလမ်းမကြီးဘက်ကို လမ်းဖွင့်ပေးထားတယ်။ လမ်းကိုတစ်ကြောင်းပဲ ပေးထားပြီး အလှည့်ကျ ပိတ်မှာပါ''ဟု သာကေတမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောသည်။

အဆိုပါတံတားကို ဂျပန်နိုင်ငံ Consultant Company နှင့် ဂျပန် Contractor Company တို့ ပူးပေါင်း တည်ဆောက်ခြင်း ဖြစ်ကာ တံတားတည်ဆောက်နေစဉ် သန်လျင်တံတားချဉ်းကပ်လမ်း (သာကေတဘက်ခြမ်း)ကို သာကေတအဝိုင်းအနီး ၁ဝ၈ တောင်ဘုရားရှေ့မှ ရှုခင်းသာမြို့ပတ်လမ်းထိပ်အထိ မူလကတ္တရာလမ်းဟောင်းကို ပိတ်ပြီး တံတား လုပ်ငန်းခွင်အဖြစ် စတင် အသုံးပြုမည် ဖြစ်သောကြောင့် လမ်းဘေးဝဲယာနှစ်ဖက်မှ အသစ်တိုးချဲ့ တည်ဆောက် ထားသော ကတ္တရာလမ်းသစ်များအတိုင်း မော်တော်ယာဉ်များ မောင်းနှင်အ သုံးပြု သွားလာနိုင်ရန် အသိပေးထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဆောက်လုပ်နေသည့် တံတားသည်၂ဝ၃၁ မီတာ ရှည်လျားပြီး လေးလမ်းသွား တံတားဖြစ်ကာ ယာဉ်တစ်စီးချင်း ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်သည်။

ကုန်ကျစရိတ် အနေဖြင့် ဂျပန်ယန်း ၃ဝ ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် တည်ဆောက်မှု ပြီးစီးမည် ဖြစ်သည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ်-၃)ကို သန်လျင်အမှတ်(၁) တံတားအနီး၌ တည်ဆောက်မည်ဖြစ်ပြီး ယင်းတံတား ပန္နက်တော်တင် အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် တံတားနှစ်စင်းရှိပြီး တံတားအမှတ် (၁)၌ ၃၆ တန်အောက်ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပြုထားကာ အမှတ်(၂) ကုလားဝဲတံတား၌ ကွန်တိန်နာယာဉ်ကြီးများ ဖြတ်သန်း သွားလာ ခွင့်ပြုထားကြောင်း သိရသည်။

Source: Myawaddy

Infrastructure and Zones Read 160 times