ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် တည်ဆောက်မည့် ECO Green City ကို ယခင်စာချုပ်အတိုင်း ပြောင်းလဲမှုမရှိဘဲ လုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
စီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး အစိုးရဘက်က ရှယ်ယာ ၂၅ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းရနိုင်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် မေလ ၁၇ ရက်က ပြုလုပ်သော အစိုးရတတိယနှစ်အတွင်း ဆောင်ရွက်မှုများဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
‘‘ကုမ္ပဏီအနေနဲ့ ကျွန်တော်တို့ဌာနအတွက် တည်ဆောက်ပေးရမယ့် တန်ဖိုးနည်းအိမ်ရာတွေကို စတင်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်နေပြီ’’ ဟု ဦးမင်းထိန်က ပြောသည်။
ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး စာချုပ်အချက်အလက်များ ပြောင်းလဲမှုမရှိကြောင်း ၎င်းက ရှင်းပြသည်။
‘‘အရင်အတိုင်းပဲ၊ ဆောက်မယ့်ဧရိယာက ၁,၄၅၀ ဧကပဲ၊ ပြောင်းလဲမှုမရှိပါဘူး။ အရင်အတိုင်းပဲ ဆက်အကောင်အထည်ဖော်တာ’’ဟု ဦးမင်းထိန်က ဆိုသည်။
ECO Green City အိမ်ရာ စီမံကိန်းသည် ရန်ကုန်တိုင်းအတွင်း ပထမဆုံးဆောင်ရွက်မည့် မြို့သစ်စီမံကိန်းနှင့် သက်ဆိုင်သော စီမံကိန်းဖြစ်သည်။
တိုင်းအစိုးရနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၇ ဒီဇင်ဘာလကုန်တွင် စီမံကိန်း ပန္နက်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။