ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်သို့ ဆက်သွယ်ထားသည့် လေးလမ်းသွား သန်လျင်-သီလဝါလမ်းမကြီးအား JICA ချေးငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
သန်လျင်သီလဝါစက်မှုသို့ ဆက်သွယ်ထားသည့် လေးလမ်းသွားတိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးဝဲယာ သံကူကွန်ကရစ် ရေမြောင်းအရှည် ၁၆ မီတာ မြေအောက်ဓာတ်အားပေးစနစ် ပြောင်းလဲခြင်း၊ မီးပွိုင့်နှင့် လမ်းမီးဓာတ်အားပေးစနစ်တပ်ဆင်ခြင်း လုပ်ငန်းများ၊ အခြေခံအဆောက်အအုံများအား လုံး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဧပြီလ ၇ ရက်က သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
"သန်လျင်-သီလဝါစက်မှုဇုန်လမ်းပိုင်းသည် ရန်ကုန်မြို့နှင့် ဆက်သွယ်ရာတွင် အဓိကအရေးပါသည့် လမ်းတစ်လမ်းဖြစ်ပြီးနိုင်ငံတကာအဆင့်မီ လမ်းအင်္ဂါရပ်များနှင့်အညီ စံချိန်စံညွှန်းပြည့်မီအောင် အထူးအလေးထားဆောင်ရွက်ရန် လိုကြောင်း၊ လမ်းလုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြုကြပ်မတ်ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံးပြီးစီးပါက သွားလာရေးလွယ်ကူအဆင်ပြေချောမွေ့မှာဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှုများလည်း လျော့နည်းသွားမှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အမီပြီးစီးရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
သန်လျင်-သီလဝါစက်မှုဇုန်လမ်းမကြီး အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်နေသည့်အပြင် အဆိုပါလမ်းပေါ်ရှိ ယခင်တံတားဟောင်းနေရာတွင် နည်းပညာဒီဇိုင်းအသစ်များဖြင့် တံတားအသစ်တည်ဆောက်လျက်ရှိကြောင်းလည်း သိရသည်။
၂၀၃၀ ပြည့်နှစ်တွင် ကီလိုမီတာ ၄၂,၀၀၀ ကျော်ရှိ လမ်းများကို ASEAN Class III ၁၈ ပေအကျယ် ကတ္တရာလမ်း/ ကွန်ကရစ်လမ်းအဆင့် အနည်းဆုံးရောက်ရှိရန်၊ တံတားအားလုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား RC သံကူကွန်ကရစ်တံတား /PC ကြိုတင်အားဖြည့်ကွန်ကရစ်တံတား/ သံပေါင်တံတား အဆင့် အနည်းဆုံးရောက်ရှိရန် ရည်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်၊ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်းပြီး ပြောကြားခဲ့ကြောင်း သိရသည်။