ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ နှင့်စပ်လျဉ်း၍
အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် စတုတ္ထ (၁) နှစ်တာကာလ အတွင်း သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းများကို နှစ်ရှည် အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း၊ အမျိုးသားထောက်ပံ့ ပို့ဆောင်ရေး ပင်မစီမံကိန်းများ နှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်လျက် ရှိသည်တို့ကို ရှင်းလင်းပြောကြားသည်။
မြန်မာ့မီးရထား
====
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့် မြှင့်တင်မှုကို ဂျပန်နိုင်ငံ၏ ODA ချေးငွေ၊ နိုင်ငံတော်ဘဏ္ဍာငွေတို့ဖြင့် ၂၀၁၇ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးရန် လျာထားဆောင် ရွက်လျက်ရှိသည်။
ရန်ကုန်မြို့ပတ်ရထားလမ်း၌ အတွင်းလမ်း၊ အပြင်လမ်း အပါအဝင် ဒွေးလမ်းအတွက် စုစုပေါင်းသံလမ်းမိုင် ၅၉ မိုင်ရှိပြီး (၉)ချောင်းဆက် သံလမ်း ခင်းခြင်း၊ လမ်းခင်းကျောက်ဖြည့် တင်းခြင်း၊ တံတားတည်ဆောက်ခြင်းများ အနေဖြင့် (၅၁)မိုင်ခွဲ ပြီးစီးပြီဖြစ်သည်။
ရထားလမ်းပေါ်၌ ကျူးကျော်များမရှိအောင် ကာကွယ်ရန် မြို့ပတ်ဧရိယာ အုတ်တံတိုင်း ၄၂ မိုင် ခန့်နှင့် ခြံစည်းရိုးကာရံမှု ၈ မိုင်ခန့်ကို ယခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည်။
ရန်ကုန် - မန္တလေးလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို ဂျပန်နိုင်ငံ၏ ODA ချေးငွေ ဖြင့် အဆင့်(၂)ဆင့်ခွဲကာ ၂၀၁၇ ခုနှစ်မှ စတင် အကောင်အထည်ဖော်လျက်ရှိပြီး ပထမအဆင့် ရန်ကုန်နှင့် တောင်ငူအကြား ၁၆၆ မိုင် ဒွေးလမ်းကို အဆင့်မြှင့်တင်နေသည်။
၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး ဖြစ်နိုင်ခြေလေ့လာခြင်း၊ အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း၊ စီမံကိန်း ကြီးကြပ်မှုအကြံပေးအဖွဲ့ကို တင်ဒါခေါ်ယူငှားရမ်းခြင်း၊ စာချုပ်ချုပ်ဆို ခြင်း၊ ကုန်ကျစရိတ် ဈေးနှုန်းများကို ညှိနှိုင်းစစ်ဆေးခြင်းစသည်တို့ကို ဆက်တိုက်လုပ် ဆောင်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှစပြီး ဆောင်ရွက်ခဲ့၍ အပိုင်း(၁)တစ်ခု လုံးတွင် လေးထောင့်ပြွန်ပေါက် တံတားပေါင်း ၂၀၂ စင်း ပြင်ဆင်ရမည်ဖြစ်ပြီး တံတားကြီး ၃၅ စင်း တည်ဆောက်ရမည် ဖြစ်သည်။
အဆင့်(၂)ဖြစ်သည့် တောင်ငူ - မန္တလေးအပိုင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက် လျက်ရှိရာ အသေးစိတ်ဒီဇိုင်းနှင့် ကုန်ကျစရိတ် တွက်ချက်မှုပြီးစီးနေပြီဖြစ်၍ တင်ဒါခေါ်ယူမှု လုပ်ငန်းဆောင်ရွက်နေပြီး အဆိုပါ စီမံကိန်းတစ်ခုလုံးသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီး အောင် ဆောင်ရွက် နေသည်။
မန္တလေး - မြစ်ကြီးနား လမ်းပိုင်းအဆင့်မြှင့်တင်ရာ၌ နမ့်ခမ်း - ဘုံချောင်းနှင့် မော်ဟန် - ကာဒူ လမ်းပိုင်းနေရာများသည် ခက်ခဲကြမ်းတမ်းသောလမ်းပိုင်းဖြစ်၍ ၎င်းအခက်အခဲများ ပြေပျောက်အောင် ကိုရီးယားအင်ဂျင်နီယာအဖွဲ့နှင့် ဖြစ်နိုင်စွမ်းကို နှစ်ကြိမ်ဆန်းစစ်ခဲ့ရာ ဥမင် တစ်ခု၊ တံတားကြီး တစ်စင်းနှင့် ဘူတာအသစ် နှစ်ခု တည်ဆောက်ရန် လျာထားဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ဂျိုးထောင်မှ မဲဇာအထိ ၂၄ မိုင်၊ မော်ဟန် - ကာဒူ အထိ (၁၀မိုင်)နှင့် စုစုပေါင်း ၃၄ မိုင်ကို ကိုရီးယားသမ္မတနိုင်ငံ၏ ချေးငွေအမေရိကန်ဒေါ်လာ ၁၂၅ သန်းဖြင့် တည်ဆောက်ရန် လွှတ်တော်၏ ခွင့်ပြုချက်ရရှိပြီး ကိုရီးယားနိုင်ငံ EXIM Bank နှင့် ချေးငွေစာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေသည်။
အလားတူ ရန်ကုန် - ပြည်လမ်းပိုင်းကို ADB ၏ ချေးငွေနှင့် အဆင့်မြှင့်တင်နိုင်ရေး အတွက် စီမံကိန်းဖြစ်မြောက်နိုင်မှု လေ့လာခြင်းနှင့် ချေးငွေညှိနှိုင်းမှုများ ဆောင်ရွက်လျက် ရှိပါ ကြောင်း၊ ပဲခူး - မော်လမြိုင်လမ်းပိုင်းကို ကိုးချောင်းဆက်သံ လမ်းဂဟေဆက်ခြင်းနှင့် ကျောက် ဖြည့်ပက်ကင်ရိုက်ခြင်း တို့ကို ပဲခူးမှ သထုံအထိ ဆောင်ရွက်ပြီးဖြစ်၍ သထုံ - မော်လမြိုင် လမ်း ပိုင်းကို ယခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။
ရေကြောင်းပို့ဆောင်ရေး
===
မန္တလေး၊ မုံရွာ၊ ပခုက္ကူနှင့် ဗန်းမော်မြို့များတွင် ဆိပ်ကမ်းများ တည်ဆောက်ရန်ရှိပြီး ယခုနှစ်ထဲတွင် မန္တလေး ဆိပ်ကမ်းကို ကွန်တိန်နာတင်ပို့နိုင်သော ပြည်တွင်းရေကြောင်းဆိပ်ကမ်းအဖြစ် ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ရန်ကုန်ဆိပ်ကမ်းအဝင် ရေလမ်းကြောင်း ရေရှည်ကောင်းမွန်စေရေးအတွက် သောင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ် မေလမှ စတင်ဆောင်ရွက်ခဲ့ရာ ရေလမ်း ကြောင်း တည်ငြိမ်မှုကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းနိုင်ပြီး Vessel Traffic Navigation Aid in Yangon River ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆက်လက်ဆောင် ရွက်ရန် ညှိနှိုင်းလျက်ရှိသည်။
USAID ဖြင့် ပူးပေါင်းကာ ဆိပ်ကမ်းအခြေခံအဆောက် အအုံဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုနှင့် Master Plan ရေးဆွဲခြင်းများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ အထိ ဆောင်ရွက်လျက်ရှိသည်။
လေကြောင်းပို့ဆောင်ရေးကဏ္ဍ
=============
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်နိုင်ငံအစိုးရနှင့် G to G ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။
ခရီးသွားလာမှုများသည့် ပြည်တွင်းလေဆိပ်များ ဖြစ်သော ဟဲဟိုး၊ မော်လမြိုင်နှင့် ကော့သောင်း လေဆိပ်တို့ကို PPP စနစ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သည်။
မော်လမြိုင်လေဆိပ်သည် စီးပွားရေး ကော်မတီက ခွင့်ပြုပြီးဖြစ်၍ စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေပြီး သံတွဲလေဆိပ်ကို ယခုနှစ်နှင့် လာမည့်နှစ်များတွင် စင်လုံးငှားလေယာဉ်များ ဆင်းသက်နိုင်သော လေဆိပ်အဖြစ် အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ချုပ်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် လေယာဉ် ပြေးလမ်းတိုးချဲ့ ခြင်း၊ လေယာဉ်ပြေးလမ်း ထပ်ပိုးလွှာတင်ခြင်း၊ လေဆိပ်အဆောက်အအုံ (Terminal) ကို ခရီးသည်များဝင်ထွက်၍ ကောင်းမွန်စေရန် ပြုပြင်မွမ်းမံခြင်းများကို နှစ်နှစ်အ တွင်း အပြီးဆောင်ရွက်သွားမည်။