ရန်ကုန်မိုးပျံမြို့ပတ်ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ JICA က တာဝန်ရှိသူများနှင့် တွေ့ဆုံရှင်းလင်း


11 December, 2019

ရန်ကုန်မြို့၌ ၂၀၂၁ ခုနှစ်တွင် အကောင်အထည်ဖော်မည့် မိုးပျံမြို့ပတ်ရထားလမ်း စီမံကိန်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့မီးရထားနှင့် JICA မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
 

မိုးပျံမြို့ပတ်ရထားလမ်း စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် JICA မှ တာဝန်ရှိသူများက ဧပြီ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီသို့ လာရောက်ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

“အဲဒီစီမံကိန်းကြီးက ၂၀၂၁ မှာ စအကောင်အထည်ဖော်မှာပါ။ ကျွန်တော်တို့ စီမံကိန်းကော်မတီကို လာတင်ပြတာက JICA ရော၊ မြန်မာ့မီးရထားကရော။ စတင်အကောင်အထည်ဖော်မှာက ၂၀၂၁ မှာ။ ဒီ ၂၀၁၉-၂၀၂၀ မှာက လမ်းကြောင်းတွေ ဆွဲပြီးသွားပြီ။ အဲဒီ မိုးပျံရထားသွားမယ့်အောက်မှာ ဘူတာရပ်ဝန်းတွေ လိုတယ်။ ဘူတာရပ်ဝန်းလုပ်ဖို့က မြေဧက တစ်ဧကမှ ၁ ဒသမ ၅ အကျယ်အ ဝန်းရှိမယ်။ အဲဒီမြေတွေက နိုင်ငံပိုင်မြေတွေ ရှိသလို လှိုင်သာယာဘက်မှာတော့ နိုင်ငံပိုင် မီးရထားမြေတွေ ရှိတယ်။ ပါရမီကနေ မရမ်းကုန်း ဘက်မှာကျတော့ နိုင်ငံပိုင်မြေ မရှိနိုင်ဘူး။ ပုဂ္ဂလိကပိုင်မြေ ရှိနိုင်တယ်။ ဘိုးဘွားပိုင်မြေလည်း ဖြစ်နိုင်တယ်။ အဲဒီမြေတွေကို သိမ်းယူပြီးမှ လမ်းကြောင်းက စလို့ရမယ်။ သူတို့မျှော်မှန်းတာကတော့ ၂၀၁၉ -၂၀၂၁ ထဲမှာ လမ်းကြောင်းကို မြေသိမ်းဥပဒေတွေကို ရှင်းရှင်း လင်းလင်းဖြစ်သွားစေချင်တယ်။ အဲဒါကြောင့်မို့လို့ပဲ ကျွန်တော်တို့ အဓိကထား တင်ပြတာပါ။ ကျွန်တော်တို့ကော်မတီကတော့ ဟုတ်ပြီ။ ကျန်တဲ့ ကိုယ်စားလှယ်တွေ သိအောင် တနင်္လာနေ့မှာ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေ ရှင်းပြမယ်။ ကျွန်တော်တို့ကတော့ အကုန် ရှင်းပြသင့်တယ်လို့ ပြောလိုက်တယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

 

အဆိုပါစီမံကိန်းနှင့်ပတ်သက်ပြီး ဘတ်ဂျက်ကို အသေးစိတ်မသိရှိရသေးဘဲ မည်သည့်ချေးငွေနှင့် အတိုးနှုန်းများအတိုင်း ဆောင်ရွက်မည်ကို မရှင်းပြခဲ့ကြောင်း ဦးကျော်ဇေယျက ပြောကြားသည်။

 

မိုးပျံရထားသည် လျှပ်စစ်အသုံးပြုရမည့် ရထားဖြစ်သဖြင့် လျှပ်စစ်မီးနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း သိရသည်။

 

“လျှပ်စစ်က လောလောဆယ် လိုင်းနှစ်လိုင်းကို ယူထားမှာ။ တစ်လိုင်းတကယ်လို့ ပြတ်ခဲ့ရင်တောင်မှ နောက်တစ်လိုင်းရှိမယ်။ အကယ်၍ နှစ်လိုင်းပြတ်သွားပြီဆိုရင်လည်း အရေးပေါ်က အဲဒီရထားမှာ ပါပြီးသားပဲ။ လျှပ်စစ်နဲ့ပတ်သက်ပြီးတော့ အခုဖြစ်နေတဲ့ System Breakdown အတွက် စိုးရိမ်စရာ မလိုဘူးလို့ ပြောသွားပါတယ်” ဟု ဦးကျော်ဇေယျက ပြောကြားသည်။

 

ရန်ကုန်မြို့အတွင်း ၂၀၂၁ ခုနှစ်တွင် စတင်ဆောင်ရွက်မည့်Yangon Urban Mass Rapid Trainsit – YUMRT (ရန်ကုန်မြို့ပြ လူထုရထား ပို့ဆောင်ရေးစီမံကိန်း) တွင် ပထမလမ်းပိုင်းအနေဖြင့် ရန်ကုန်မြို့အရှေ့အနောက်သို့ ပါရမီလမ်းကြောင်းအတိုင်း ရထားလမ်းပိုင်း အရှည် ၂၅ ဒသမ ၂ ကီလိုမီတာဖြင့် စတင်ပြေးဆွဲနိုင်ရေး ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ မြောက်ဘက်မှ တောင်ဘက်သို့ ရထားလမ်းပိုင်းအရှည် ၂၇ ဒသမ ၄ ကီလိုမီတာနှင့် ဘူတာရုံပေါင်း ၂၂ ရုံဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒလမြို့နယ်ဘက်သို့ ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး  ၂၀၃၅ ခုနှစ်တွင် ရန်ကုန်မြို့တွင်း မြို့ပြင် ပတ်ပတ်လည် ပြေးဆွဲနိုင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
 

Local Read 68 times