ကုလားတန်မြစ်ကူး (ပလက်ဝတံတား) အား အပြီးသတ် တည်ဆောက်နိုင်ရေး ပြည်ထောင်စုက ရန်ပုံငွေ ကျပ် ၆ ဒသမ ၃၃ ဘီလျံ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေကျပ် ခြောက်ဘီလျံထည့်သွင်းရန် ညှိနှိုင်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားထားပါသည်။
ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၏ မတူပီ-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ရေးစီမံကိန်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ထပ်မံလိုအပ်ရန်ပုံငွေအား ပြည်ထောင်စုရန်ပုံငွေမှ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ မရှိ လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါတံတား၏ စီမံကိန်းတန်ဖိုးမှာ ကျပ် ၂၇ ဘီလျံဖြစ်ကြောင်း၊ ၁၄ ဒသမ ၆၇ ဘီလျံရရှိပြီးဖြစ်သဖြင့် ထပ်မံလိုအပ်သော ရန်ပုံငွေမှာ ကျပ် ၁၂ ဒသမ ၃၃ ဘီလျံဖြစ် ကြောင်း သိရသည်။
ကုလားတန်မြစ်ကူး (ပလက်ဝတံတား) အား အပြီးသတ်တည်ဆောက်နိုင်ရေး ပြည်ထောင်စုက ရန်ပုံငွေ ကျပ် ၆ ဒသမ ၃၃ ဘီလျံ နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့က ရန်ပုံငွေ ကျပ် ခြောက်ဘီလျံထည့်သွင်းရန် ညှိနှိုင်းထားကြောင်း၊ ညှိနှိုင်းထားချက်အတိုင်း ပြည် ထောင်စုအစိုးရနှင့် ချင်းပြည်နယ်အစိုးရအ ဖွဲ့က လိုအပ်နေသည့် ရန်ပုံငွေကို ပေးမည်ဆိုပါက ၂၀၁၉ ခုနှစ်အတွင်း အပြီးတည်ဆောက် ပြီး ၂၀၂၀ ပြည့်နှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးဦးကျော်လင်းက ဖြေကြားခဲ့ပါသည်။
ကုလားတန်မြစ် ဘက်စုံစီးပွားရေးစီမံကိန်းရှိ ကုလားတန်မြစ်ကူးတံတားကို ယခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လာမည့်နှစ်တွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းသို့ ကားဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်က ပြောကြားထားပါသည်။
“ကုလားတန်မြစ်က ချင်းပြည်နယ်ပလက်ဝက မြစ်ကြောင်းတစ်ခုက ဖြစ်ပါတယ်။ ကုလားတန်မြစ် စီးပွားရေးစီမံကိန်းလို့ ဘာလို့ခေါ်လဲဆိုရင် အိန္ဒိယနိုင်ငံရယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရေနက်ဆိပ်ကမ်းတည်ဆောက်ပြီးတော့ အခုချိန်မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်လို့ ပြီးသွားပါပြီ။ အဲဒီရေနက်ဆိပ်ကမ်းကနေ ချင်းပြည်နယ် ပလက်ဝမြို့ကို တန် ၃၀၀ တင်ဆောင်နိုင်တဲ့ သင်္ဘောငယ်လေးတွေနဲ့ ကုန်တွေကို ကဲ့ပြီးတော့ ပလက်ဝကို ပို့ဆောင်တာဖြစ်ပါတယ်။ပလက်ဝမြို့ကနေ ကုလားတန်မြစ်ကူးတံတားကို တည်ဆောက်နေပါပြီ။ အဲဒီ မြစ်ကူး တံတားက အခုချိန်မှာ ရာခိုင်နှုန်း ၄၀ လောက် ပြီးဆုံးပြီဖြစ်တဲ့အတွက် ၂၀၁၉ မှာ အပြီးအစီး ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလို ကုလားတန်မြစ်ကူးတံတားလည်းပြီးပြီ။ စစ်တွေ ရေနက်ဆိပ်ကမ်းကနေပြီးတော့ ပလက်ဝမြို့ကို ကုန်တွေပို့ဆောင်မယ်ဆိုရင် ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံအရှေ့ဘက်မှာ ကျနေတဲ့ မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယ နိုင်ငံ အလယ်ဗဟိုအထိ ကားနဲ့ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ပြောကြားထားပါသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းကို အခြေခံပြီး ရေရှည်တွင် အိန္ဒိယနှင့် အာဆီယံဆက်သွယ်သည့် စီးပွားရေးကော်ရစ်ဒါတစ်ခု ဖြစ်ပေါ်လာနိုင်ရေး ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ချင်းပြည်နယ်ရှိ ဒေသန္တရစီးပွားရေး လုပ်ငန်းဖွံ့ဖြိုးမှုအတွက် စိန်ခေါ်မှုနှင့်အခွင့်အလမ်းများအစီရင်ခံစာ တွင် ဖော်ပြထားပါသည်။