အီဂျစ်ရဲ့ ထင်ရှားကျော်ကြားတဲ့ ဗိသုကာလက်ရာ ပိရမစ်တွေကို ကမ္ဘာက သိကြပေမဲ့ အာဖရိကမှ ဗိသုကာလက်ရာတွေကိုတော့ လူသိနည်းနေတယ်။ ခေတ်ဟောင်းခေတ်သစ် လက်ရာတွေက အမြင်တစ်မျိုးဆန်းတယ်။ တစ်မူထူးခြားတယ်။
၁၉၁၀ ခုနှစ် ဗိသုကာလက်ရာဖြစ်တဲ့ ရထားဘူတာရုံဟာ စီနီဂေါနိုင်ငံရဲ့ မြို့တော် ဒါကာမှာ တည်ရှိပြီး ရှေးမူလည်း မပျက် ခေတ်လည်းဆန်အောင် ဗိသုကာဒီဇိုင်းထုတ်ပြီး ပြုပြင်မွမ်းမံပေးခဲ့ကြပါတယ်။ ရှေးဆန်တဲ့ ခေတ်ပေါ် masterpieces တစ်ခု ဖြစ်လာခဲ့ပါတယ်။
Dakar Railway Station, Senegal
Kasubi Tombs, Uganda
ယူဂံဒါနိုင်ငံမှာ ၁၈၈၂ ခုနှစ် ဗိသုကာလက်ရာ Kasubi Tombs ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။
ယူဂံဒါနိုင်ငံရဲ့ မြို့တော် ကမ်ပလာမှာ စိုက်ပျိုးမြေ ကျယ်ကျယ်ဝန်းဝန်းပေါ်မှာ တော်ဝင်အဆောက်အဦတစ်ခု တည်ရှိပါတယ်။ ဘူဂံဒါ ဘုရင်အုပ်ချုပ်ခဲ့စဉ်က တော်ဝင်နန်းသုံး သင်္ချိုင်းတော်ကြီး ဖြစ်ပါတယ်။ သစ်သားနှင့် သစ်တောထွက်ပစ္စည်းများဖြင့် ဆောက်လုပ်ထားပါတယ်။ အဆေက်အဦ အတွင်းကို ဝင်လိုက်ရင် တောအုပ်တစ်ခုကို ပုံတူပွားထားတာ တွေ့ကြရတယ်။ အဆောက်အဦရဲ့ အမိုးကို ထောက်ပေးထားတဲ့ ထောက်တိုင်တွေကို တောအုပ်တစ်ခုရဲ့ သစ်ပင်တွေရဲ့ ပင်စည်များအဖြစ် ဖန်ဆင်းပေးထားတဲ့စိတ်ကူးကောင်း တစ်ခု ဖြစ်ပါတယ်။ တစ်တိုင်နဲ့တစ်တိုင် ကြားအကွာအဝေး အတူတူ ဖြင့် နေရာမချဘဲ တောအုပ်ထဲ အပင်ကြီးငယ်တို့ အလေ့ကျ ပေါက်ချင်တဲ့နေရာ ပေါက်နေသလိုမျိုး ဖြစ်နေပါတယ်။
အပေါ်ဘက် ခပ်မြင့်မြင့်မှ အုပ်မိုးထားတဲ့ မျက်နှာကြက်ကို မော့ကြည့်ပြီး စက်ဝိုင်းအကွင်းကြီးတွေကို အသေအချာ ရေတွက်ကြည့်လိုက်ရင် စုစုပေါင်း ၅၂ ကွင်း ရှိတာ သိရပါလိမ့်မယ်။ ဘူဂံဒါ လူမျိုးနွယ် ၅၂ မျိုးကို ကိုယ်စားပြုထားတာ ဖြစ်ပါတယ်။
မူကာဆာက ယူဂံဒါ ဇာတိဖြစ်ပြီး သူ့အသက် ၁၀ နှစ်မှာ တော်ဝင်သင်္ချိုင်းကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကြည့်ရှု လေ့လာခဲ့တယ်။
“အသက်ရှူမှားလောက်အောင် ရင်သပ်ရှုမောမိတယ်။ အရွယ်အစားက ကြီးမားတဲ့အပြင် အဆောက်အဦရဲ့ ကြီးကျယ်ခန့်ထည်ပုံကို အံ့အားသင့်မိတယ်။ အဆောက်အဦကို ၁၉ ရာစုအနှောင်းပိုင်းမှာ ဆောက်လုပ်ခဲ့ကြတယ်။ အခုလို ခေတ်ပေါ်ဆောက်လုပ်ရေးပစ္စည်းပစ္စယာတွေ ဒီမှာ မရှိသေးဘူး။၊ ရာစုနှစ်များစွာကတည်းက သုံးလာခဲ့ကြတဲ့ ရှေးရိုးစဉ်လာ နည်းလမ်းတွေနဲ့ ဆောက်လုပ်ပေးခဲ့ကြတယ်။ အဆောက်အဦကို ထိန်းသိမ်းထားရမယ်လို့ ခံစားမိတယ်။ အထဲကို ရောက်သွားတဲ့အခါ အဆောက်အဦက ဝင်လာတဲ့သူတိုင်းကို လွှမ်းမိုးထားလိုက်တယ်” လို့ သူက ပြောပြတယ်။
UNESCO World Heritage Site အဖြစ် ၂၀၀၁ ခုနှစ်မှာ သတ်မှတ်ခံရတယ်။ အာဖရိကတောင်ပိုင်းမှာ အထင်ရှားဆုံး အဆောက်အဦတစ်ခု ဖြစ်ပါတယ်။
၆၄ ဧက ကျယ်ဝန်းတဲ့ သင်္ချိုင်းမြေပေါ်မှ ပဓာန ကျတဲ့ အဆောက်အဦ အတော်များများ ၂၀၁၀ ခုနှစ် မတ်လ မှာ မီးလောင်ခဲ့တယ်။ အဲဒီနှစ် ဇူလိုင်လမှာ တော်ဝင်နန်းသုံး သင်္ချိုင်းတော်ကြီးကို World Heritage Sites in Danger အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တယ်။ ဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၄ ခုနှစ်မှာ ရှေးမူမပျက် ပြန်လည်တည်ဆောက်တာ စတင်ခဲ့ပါတယ်။