စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် Makro ROH Co., Ltd ၏ အစုရှယ်ယာ ရာနှုန်းပြည့်ပါဝင်သည့် ARO Commercial Co., Ltd တို့ချုပ်ဆိုသော မြေငှားရမ်းခြင်းဆိုင်ရာ
လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မတ်လ ၆ ရက်က နေပြည်တော်ရှိ ဝန်ကြီးရုံးညီလာခံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံတော်၏ စီးပွားရေးမူဝါဒ(၁၂)ချက်အနက် ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ပုဂ္ဂလိက ကဏ္ဍတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း မိမိတို့လုပ်ကိုင်လိုသည့် စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ရရှိရန်နှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန်အတွက် မူဝါဒများ သီးခြားရေးဆွဲဆောင် ရွက်ရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဘက်ညီစွာ တိုးတက်လာရေးတို့အတွက် မြေငှားရမ်း ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီလက်ကား ကုန်ပစ္စည်းရောင်းချခွင့်ပြုခဲ့ကြောင်း၊ ထိုသို့ ခွင့်ပြုခြင်းဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုရရှိပြီး လက်လီလက်ကား အရောင်းဆိုင်များ၊ တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် Makro ROH Co., Ltd မှ Chief Executive Officer Mrs. Suchada နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်တို့က အမှာစကားပြောကြားကြပြီး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ARO Commercial Co., Ltd ဒါရိုက်တာတို့က မြေငှားရမ်းခြင်းစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ Makro ROH Co., Ltd သည် စားသုံးသူရေးရာဦးစီးဌာနက စီမံခန့်ခွဲမှုရှိသော ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းအင်ဂျင်နီယာချုပ်ရုံးဝင်းနှင့် ဆန်စက် အပိုပစ္စည်းစက်ရုံဝင်းရှိ မြေဧက ၉ ဒသမ ၂၂ဝ ပေါ်တွင် ကုန်ပစ္စည်းအမျိုးအစား ၈,ဝဝဝ ခန့် ဖြန့်ဖြူးရောင်းချရန်အတွက် ဆိုင်ခွဲ ကိုးခုဖွင့်လှစ်မည်ဖြစ်ပြီး ပြည်တွင်း အသေးစား၊ အလတ်စားလုပ်ငန်းများမှထွက်ရှိသောကုန်ပစ္စည်းများနှင့် တောင်သူလယ်သမားများဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ရောင်းချပေးသွားမည် ဖြစ်သည်။
Source: Myanmar Alinn