မြန်မာနိုင်ငံ၏ အကြီးဆုံးသိုလှောင်မှု စင်တာ Maxxcare တည်ဆောက်ပြီးစီးပြီ


03 December, 2020

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံစက်မှုဇုန်တွင် ဆေးဝါးနှင့် စားသောက်ကုန်များ နိုင်ငံတကာအရည်အသွေးအတိုင်းဖြန့်ချိနိုင်မည့် မြန်မာ့အကြီးဆုံးသိုလှောင်မှု စင်တာ "Maxxcare"အား တည်ဆောက်ပြီးစီးပြီဖြစ်သောကြောင့် လာမည့် ဇူလိုင်လအတွင်း လည်ပတ်နိုင်တော့မည်ဖြစ်သည်။

ယင်းစင်တာကို မြေဧက ၁၁ ဧက ပေါ်တွင်လွန်ခဲ့သော ၂ဝ၁၇ခုနှစ် မေလအတွင်းက Mega Lifesciences Group ၏ ဖြန့်ချိရေးလက်ခွဲဖြစ်သည့် Maxxcare Ltdမှ ပြည်တွင်း ကုမ္ပဏီတစ်ခုကို အပ်နှံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေ ၁၈ ဒသမ ၈ဘီလျံ ကုန်ကျခဲ့သည်။

Maxxcare သည်ဖြန့်ချိရေးစင်တာများအနက် မြန်မာနိုင်ငံတွင်အကြီးမားဆုံးဖြစ်သည်။

လက်ရှိအချိန်တွင် သိုလှောင်မှုအတွက် စတုရန်းပေ ၁၂ဝ,ဝဝဝ အကျယ်အဝန်းနှင့် ဝန်ဆောင်မှုဧရိယာ၊ခေတ်မီရုံးခန်းနေရာ၊ကန်တင်းတစ်ခုအပါအဝင် ထပ်တိုးအကျယ်အဝန်းစတုရန်းပေ ၃၈,ဝဝဝကို တိုးချဲ့အသုံးပြုထားသည်။

စင်တာတွင် ဆေးဝါး၊စားသောက်ကုန်၊အလှကုန်၊လူသုံးကုန်ပစ္စည်းများအား သိုလှောင်မည်ဖြစ်သည်။ပစ္စည်းများကတော့ ကမ္ဘာ့နိုင်ငံအစုံမှ တင်သွင်းပြီး ပြည်တွင်းတွင် ဖြန့်ချိမည်ဖြစ်သည်။

အပူချိန်ထိန်းညှိသည့် နိုင်ငံတကာ အဆင့်မီစနစ်နှင့် လုပ်ဆောင်ထားသည်။

ထိုစင်တာတွင် ကိုးမီတာအမြင့်ရှိသော ခေတ်မီ ခြောက်ထပ်ပါသံစင်များဖြင့် ကတ္ထူသေတ္တာ ၇ဝဝ,ဝဝဝခန့်ကို သိုလှောင်နိုင်မည်ဖြစ်ပြီး ဆေးဝါးထုတ်ကုန်များကိုလည်း လေအေးစက်တပ်ဆင်ထားသည့် သိုလှောင်ရာနေရာတွင်ထားရှိမည်ဖြစ်ကြောင်း၊2 ံC မှ 8 ံC အတွင်း တည်ငြိမ်သော အပူချိန်လိုအပ်သည့်ကာကွယ်ဆေး၊အင်ဆူလင်နှင့် အခြားဆေးဝါးများကဲ့သို့ ထုတ်ကုန်များအတွက် အအေးခန်းသိုလှောင်ရုံတစ်ခုလည်း ပါဝင်မည်ဖြစ်သည်။

ယင်းအပြင်ရန်ကုန်ဖြန့်ချိရေးစင်တာ၏ ဒီဇိုင်းတွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဂါလန် ၈ဝ,ဝဝဝဆံ့ ရေသိုလှောင်ကန်နှင့် မီးလောင်ပါက အလိုအလျောက်ရေဖြန်းပေးသည့် မီးသတ်စနစ်တခုလည်း ပါဝင်ကြောင်း၊စင်တာအတွက် နောက်ထပ်ပြုလုပ်မည့် အစီအစဉ်တွင် နေရောင်ခြည်စွမ်းအင်မှ ကီလိုဝပ် ၄ဝဝ ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပေးစနစ်တစ်ခုကို ခေါင်းမိုးပေါ်တွင် တပ်ဆင်မည်ဖြစ်ပြီးခန့်မှန်းခြေ ကာဗွန်ဒိုင်အောက်ဆိုက် ၁၁၃၄ဝတန်စွန့်ထုတ်မှုကို တားဆီးနိုင်မည်ဖြစ်ကြောင်းသိရသည်။

#Myanmar Builders Guide

Local Read 64 times