ယခင်ရှိနှင့်ပြီးသားဖြစ်သော စီးပွားရေးလုပ်ငန်းများအနေနှင့် ရင်းနှီးမြှုပ်နှံမှုများကို သိသိသာသာ တိုးချဲ့လုပ်ကိုင်ပါက အခွန်သက်သာခွင့် များပေးမည်ဖြစ်ကြောင်းရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြောကြားကြောင်း သိရသည်။
ယင်းအခွန်သက်သာခွင့်များရရှိစေရန် စီးပွားရေးလုပ်ငန်းအဟောင်းများအနေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏အတည်ပြုချက်မိန့်နှင့်
ခွင့်ပြုမိန့်များရရှိရန်လိုအပ်သောကြောင့်MIC သို့လာရောက်လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။
တချို့လုပ်ငန်းများသည် MIC ၏ခွင့်ပြုမိန့်မယူဘဲ လုပ်နေမှုများရှိနေကြောင်း၊ယခုဆိုလျှင် ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ် ထွက်လာပြီဖြစ်ကြောင်း၊နောက်တစ်ခုက MIC အောက်ကနေလုပ်လျှင်
အခွန်သက်သာခွင့်ရှိသဖြင့် အရင်က နေ အခုထိလုပ်နေသော စီးပွားရေးလုပ်ငန်းဟောင်းများ အတည်ပြုမိန့်၊ခွင့်ပြုမိန့်လိုချင်ကြောင်း ပြောလာကြသဖြင့် လာရောက်လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်းကို ကြေညာချက်ထုတ်ပြန်ထားသည်။
MIC ၏အတည်ပြုမိန့်နှင့် ခွင့်ပြုမိန့်ရရှိပါက လုပ်ငန်းနှင့်သက်ဆိုင်သည့် ကုန်ကြမ်ပစ္စည်းများကို ပြည်ပမှ တင်သွင်းလျှင် အကော်ခွန်ကင်းလွတ်ခွင့်
ပေးမည်ဖြစ်ပြီး အခြားသော ကုန်ထုတ်လုပ်မှုုလုပ်ငန်းများ ဖြစ်ပါက အကောက်ခွန်အပြင် အခြားသောအခွန်များမှာ သက်သာခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းအဟောင်းများအနေနှင့် ယင်းအခွန်များကိုသာ သက်သာခွင့်ရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဥပဒေ အသစ်တွင် ပါရှိသော ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို လက်ရှိတွင်
ဝင်ရောက်ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းအသစ်များသာ ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ယခင်ခေတ်ကဆိုင်ရာပိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကြသည့်အတွက် MIC တွင် အတည်ပြုမိန့်မတင်ဘဲ တည်ထောင်ထားသည့် ကုမ္ပဏီများ အများအပြားရှိကြောင်း၊ယခုအချိန်တွင်
ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်များနှင့် အခွန်သက်သာခွင့်ကို ရယူလိုသောကြောင့် လျှောက်ထားရန် ပြင်ဆင်နေကြခြင်းဖြစ်ပြီး
ယင်းကုမ္ပဏီများ၏ နောက်ကြောင်းကိုလည်းစိစစ်သင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များမှ ပြောဆိုကြကြောင်း သိရသည်။
တစ်နိုင်ငံလုံးအနေအထားဖြင့် MIC တွင် အတည်ပြုမိန့်၊ခွင့်ပြုမိန့်မယူထားသည့် လုပ်ငန်းပေါင်း ထောင်နှင့်ချီရှိနိုင်ပြီး လက်ရှိတွင်ယင်းကုမ္ပဏီများမှ ခွင့်ပြုမိန့်
လာရောက်လျှောက်ထားရန် စုံစမ်းမှုများ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
imyanmar House