signing agreement phyo min thein
မြန်မာနိုင်ငံ မှ KMA ဟိုတယ်လုပ်ငန်းစုက ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းရှင်တဦးနှင့် အမေရိကန်ဒေါ်လာ ၆၃ သန်း (ကျပ်ငွေ ၉၆ ဒသမ ၈၆ ထရီလျံ) ရင်းနှီးမြှုပ်နှံလျှက် မြန်မာနိုင်ငံတဝန်းရှိ လက်ရှိ ဟိုတယ်များနှင့် ဟိုတယ်သစ်များ ပူးတွဲလုပ်ကိုင်သွားမည့် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ် ရေးထိုးခဲ့ကြောင်း အဆိုပါလုပ်ငန်းစုက ကြေညာသည်။
လက်ရှိ အာဆီယံဈေးကွက်ထဲရှိ ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့တွင် ဝင်ရောက် လုပ်ကိုင်နေသော ထိုင်း ကုမ္ပဏီများ ဗဟိုအုပ်စုလုပ်ငန်းစု၏ လက်ခွဲဖြစ်သော Centara ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းသည် ယခု ရေးထိုးလိုက်သည့် နားလည်မှု စာချွန်လွှာအရ မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံးစီမံကိန်းကို အကောင်အထည် ဖော်သွားမည် ဖြစ်သည်။
“KMA ဟိုတယ်တွေနဲ့ ကျနော်တို့ မိတ်ဖက်လုပ်ကိုင်ရခြင်းဟာ Centara အတွက် ထင်ရှားတဲ့ မှတ်တိုင်တခု အဖြစ် ကိုယ်စားပြုပါတယ်” ဟု Centara အမှုဆောင် အရာရှိချုပ် သီရာယွဒ်ချီရာသီဗက်က ကြေညာချက်တစောင်တွင် ပြောကြားထားသည်။
“ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ကြီးမားတဲ့ တွန်းအားနဲ့အတူ ကျနော်တို့အတွက် ဒီနိုင်ငံမှာ Centara ရဲ့ ထင်ရှားတဲ့ ရပ်တည်လုပ်ကိုင်မှု စတင်နိုင်တဲ့ အခွင့်အလမ်း ရရှိစေပါတယ်” ဟု သူက ဆိုသည်။
ကောင်းမြန်မာအသင်း ကုမ္ပဏီများ လုပ်ငန်းစု (သို့မဟုတ်) KMA အုပ်စုကို မြန်မာနိုင်ငံသား ဦးခင်မောင်အေးက ပိုင်ဆိုင်ခြင်းဖြစ်သည်။ အဆိုပါ လုပ်ငန်းစုသည် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ စိုက်ပျိုးရေး၊ သတ္တုတွင်းနှင့် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်။ ဦးခင်မောင်အေးသည် မြန်မာနိုင်ငံရှိ အကြီးဆုံး ဘဏ်တဘဏ် ဖြစ်သော သမဝါယမဘဏ် လီမိတက် (သို့မဟုတ်) CB Bank ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ယခုရေးထိုးလိုက်သော နားလည်မှုစာချွန်လွှာအရ စီမံကိန်း ၆ ခု ခွဲခြား လုပ်ကိုင်သွားမည်ဖြစ်ပြီး လက်ရှိ KMA ပိုင် ဟိုတယ် ၃ လုံး ပြန်လည်မွမ်းမံရေးနှင့် ပြန်လည်ဖွင့်လှစ်ရေး၊ ဟိုတယ်သစ် ၃ လုံး တည်ဆောက်ရေးနှင့် လုပ်ငန်း လည်ပတ်ရေးတို့ ဖြစ်သည်။ ယင်းလုပ်ငန်း လည်ပတ်မှုအားလုံးကို ထိပ်တန်း Centara အမှတ်တံဆိပ် အပြင်အဆင့်မြင့်ထိပ်တန်း Centara Boutique Collection အမှတ်တံဆိပ် အနေဖြင့်ပါ လုပ်ကိုင်သွားမည် ဖြစ်သည်။
KMA ၏ လက်ရှိဟိုတယ် ၃ လုံးမှာ အင်းလေး၊ နေပြည်တော်၊ တောင်ငူ တို့တွင် တည်ရှိပြီး အမှတ်တံဆိပ်သစ်ဖြင့် ပြန်လည်မွမ်းမံ ဖွင့်လှစ်သွားမည် ဖြစ်သည်။ ထို့အပြင် ဟိုတယ်သစ် များကိုလည်း ပုဂံနှင့် သံတောင်တို့တွင် တည်ဆောက်သွားရန်ရှိကြောင်း KMA မှ ပြောခွင့်ရသူတဦး၏ အဆိုအရ သိရသည်။ ပထမဆုံး ဖွင့်လှစ်သွားမည့် Centara Paradise Inle Lake Resort & Spa ကို ယခုနှစ် စတုတ္ထ သုံးလပတ်အတွင်း ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားသည်။
ဟိုတယ်များ စီမံခန့်ခွဲမှု သဘောတူညီချက်ကို ဘန်ကောက်နှင့် ရန်ကုန် တို့တွင် ယခုနှစ် ဇွန်လ၌ လက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။ ယင်းဟိုတယ်များအတွက် ဝန်ထမ်းပေါင်း ၁၀၀၀ ခန့်ရန်လည်း ရည်ရွယ်ထားသည်။
“မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး ခရီးသွား ဦးတည်ရာနေရာ ၆ ခုမှာ Centara ရဲ့ စီမံကျွမ်းကျင်မှုနဲ့ ခိုင်မာတဲ့ အမှတ်တံဆိပ်နဲ့ အတူ လုပ်ကိုင်ရမှာဖြစ်လို့ ကျနော်တို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းအတွက် ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတခုအတွက် Centara က ဒီမှာ ရပ်တည်လုပ်ကိုင်သွားမှာပါ” ဟု KMA အုပ်စု၏ မန်နေဂျင်းဒါရိုက်တာ ဦးကောင်းထက်ထွန်းက ပြောသည်။
ခရီးသွား ဈေးကွက်နှစ်ခုအကြား သုံးစွဲမှုပုံစံနှင့် နေထိုင်မှု ပမာဏ အချိုးအပေါ်မူတည်၍ ရခိုင်ပြည်နယ်တွင် နိုင်ငံရေး ဂယက်များကြောင့် အနောက်နိုင်ငံများမှ အာရှဈေးကွက်သို့ ခရီးသွားလာရောက်မှု အသားတင်ဝင်ငွေ ကျဆင်းခဲ့သော်လည်း ယမန်နှစ်က မြန်မာနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်ပေါင်း ၃ ဒသမ ၅၅ သန်းရှိကြောင်း၊ ယင်းမတိုင်မီကထက် ၃ ဒသမ ၁၅ ရာခိုင်နှုန်း တိုးလာကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံမှ ခရီးသည်များ ၃၈ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယခုနှစ်အတွက် အများပြားဆုံး ခရီးသွားဦးရေ အချိုးအစားဖြစ်ခဲ့သည်။ တရုတ် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ အတွက်သက်ဆိုင်ရာ ဌာနက ဆိုက်ရောက် ဗီဇာ ထုတ်ပေးရမှု တိုးတက်များပြားခဲ့သည်။ ယင်းနှစ် အောက်တိုဘာလ ၁ ရက်တွင် တနှစ်ရှေ့ပြေး အစီအစဉ်စတင်ခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင်ကောင်တို့မှ လာရောက်သည့် ခရီးသည်များအတွက် ဗီဇာ ကင်းလွတ်ခွင့် ပေးခဲ့သည်။
ဟိုတယ်နှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းစုများတွင် ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းခြေ ဒေါ်လာ ၄ ဒသမ ၃ ဘီလျံရှိရာ ယင်း၏ ၆၀ ရာခိုင်နှုန်းသည် စင်ကာပူနိုင်ငံမှ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
ယခုနှစ်အတွက် ခရီးသွား ၄ ဒသမ ၅ သန်း လာရောက်ရန် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက မျှော်မှန်းထားပြီး ၂၀၂၅ ခုနှစ်အတွက် နှစ်စဉ် တိုးတက်မှုနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းစီ ရှိသွားမည်ဟု ဆိုသည်။
Centara သည် ယခုအခါ အာရှတခွင်နှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် ဟိုတယ်အလုံးပေါင်း ၇၀ နှင့် အပန်းဖြေစခန်းများ လုပ်ကိုင်နေပြီး ၂၀၂၂ ခုနှစ်တွင် ယင်း အရေအတွက်ထက် နှစ်ဆတိုးလာရန် ရည်သန်ထားသည်။
KMA ကုမ္ပဏီများအုပ်စု၏ လက်ခွဲဖြစ်သော KMA ဟိုတယ်လုပ်ငန်းသည် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလက စတင် တည်ထောင်ခဲ့သော မြန်မာနိုင်ငံသားပိုင် ဟိုတယ်လုပ်ငန်းဖြစ်သည်။ ၎င်းလုပ်ငန်းမှ အပန်းဖြေစခန်းများ၊ ဟိုတယ်များနှင့် တည်းခိုခန်းများ စုစုပေါင်း ၈ နေရာကို မြန်မာနိုင်ငံတဝန်း လုပ်ကိုင်လျှက်ရှိသည်။
Source: irrawaddy