မန္တလေးတိုင်းဒေသကြီး ငါးဇွန်မြို့နယ်အတွင်းရှိ မန္တလေး မြို့သာစက်မှုဥယျာဉ်မှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးသို့ဆက်သွယ်မည့် လမ်းဖောက်ရန် လမ်းအူကြောင်းရှာထားပြီး ယင်းလမ်းမဖောက်လုပ်ပြီးပါက မြန်မာပြည်အထက်ပိုင်းနှင့်အောက်ပိုင်း ကုန်လမ်း ကုန်စည်စီးဆင်းမှုမှာ ပိုမိုလွယ်ကူလာမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားထားပါသည်။
လက်ရှိအချိန်တွင် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြေယာ တန်ဖိုးသတ်မှတ်ကာ နေရာချထားပေးလျက်ရှိကြောင်း၊ အထူးသဖြင့် မြို့သာစက်မှုဥယျာဉ်မြို့တော်မှာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားရာနေရာဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားထားပါသည်။
"အထူးသဖြင့် သူနဲ့ ၁၁ ကီလိုမီတာ အကွာမှာ Port တစ်ခုရှိပါတယ်။ အဲဒါက ဆီမီးခုံ Sea Port ဖြစ်ပါတယ်။ ကိုလိုနီခေတ်တည်းက အင်္ဂလိပ်များဟာ စီးပွားကူးသန်းမှုအတွက် မြစ်ကြောင်းကို အသုံးချခဲ့ကြပါတယ်။ အဲဒါကြောင့် ဆီမီးခုံ ဆိပ်ကမ်းဟာ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပါတယ်။ မြို့သာနဲ့နီးနီးလေးပါ"ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဆိုပါသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းဖောက်ပေးလိုက်သည့်အတွက် ဆီမီးခုံ ဆိပ်ကမ်းမှာ လက်ရှိအချိန်တွင် ခေတ်မီ ဆိပ်ကမ်းအဖြစ် တည်ရှိနေကြောင်း၊ ယင်းကြောင့် မြို့သာတွင်လာပြီး ရင်းနှီးမြှုပ်နှံမှုများအနေဖြင့် ယင်းဆိပ်ကမ်းမှ မြန်မာနိုင်ငံအောက်ပိုင်း ပင်လယ်ထွက်ပေါက်ဆီသို့ အလွယ်တကူ ရောက်သွားနိုင်ကြောင်း သိရပါသည်။
"သွားရတာ အချိန်တစ်နာရီခွဲလောက်ရှိတဲ့အတွက် ဒါကိုချုံ့ချင်ပါတယ်။ တစ်နည်းအားဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနဲ့ ဆက်သွယ်ဖို့အတွက် လမ်းသစ်ဖောက်ရန် လမ်းအူကြောင်းရှာထားပြီးပါပြီ။ ဒီလိုဖောက်လိုက်မယ်ဆိုရင် ၄၅ မိနစ်လောက် ထပ်တိုသွားမှာဖြစ်တဲ့အတွက် By Road နဲ့သွားတဲ့ ကုန်စီးဆင်းမှုဟာ အမြန်လမ်းမကြီးရောက်သွားပြီးရင် မြန်မာပြည်အထက်ပိုင်း တောက်လျှောက်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။ ဒါဟာ မြို့သာရဲ့အားသာချက်ဖြစ်ပါတယ်"ဟု ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဆိုပါသည်။
မန္တလေး မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းကို ဖွံ့ဖြိုးတိုးတက်သည့် စက်မှုဥယျာဉ်နှင့်နိုင်ငံတကာ အဆင့်မီသဘောၤဆိပ်ကမ်းဖြစ်ပေါ်လာရေး၊ ကျန်းမာစွာနေထိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေး၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပါသည်။
အဆိုပါ စီမံကိန်းသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါးဇွန်မြို့နယ်အတွင်းတည်ရှိပြီး မြေဧက ၁၁,၄၀၃ ဧကကျယ်ဝန်းကြောင်း၊ စီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် လိုအပ်သည့် စီမံကိန်းဆိုင်ရာအဆောက်အအုံများ ဆောက်လုပ်ပြီးစီးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းကို အဆင့်ငါးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး phase-1 ဧက ၂,၅၀၀ကို ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိလည်းကောင်း၊ Phase-2၊ 3၊ 4 ဧက ၄,၅၀၀ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ ခုနှစ်အထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။