အင်းစိန်-ကြည့်မြင်တိုင်ဘူတာကြားရှိ ရထားလမ်းကူး (Level Crossing) ခြောက်ခုနှင့် တညင်းကုန်း-မင်္ဂလာဒုံဘူတာကြားရှိ ရထားလမ်းကူး (Level Crossing) ငါးခုကို ယနေ့မှစတင်ကာ ပြုပြင်လျက်ရှိကြောင်း မြန်မာ့မီးရထားလုပ်ငန်းတိုင်း (၇) သွားလာရေးမန်နေဂျာ ဦးဇော်လွင်၏ ပြောပြချက်အရ သိရသည်။
"တညင်းကုန်း Level Crossing၊ ဂေါက်ကွင်း Level Crossing၊ ခရေပင်လမ်း Level Crossing တွေကို ဒီနေ့မှာ စတင်ပြုပြင်မှာပါ။ တချို့ Level Crossing တွေက လုံလောက်တဲ့ အကျယ်အဝန်းမရှိတာကြောင့် လမ်းတစ်လမ်းလုံးပိတ်ပြီး ပြင်ရမှာရှိသလို တညင်းကုန်း၊ ဂေါက်ကွင်း၊ ရွာမကျောင်းလမ်း၊ ကမာရွတ်ဘူတာလမ်း၊ ပါရမီလမ်းနဲ့ ကြို့ကုန်း ဆေးဝါးစက်ရုံလမ်းတွေကို တစ်ခြမ်းစီပတ်ပြီး ပြုပြင်သွားမှာပါ" ဟု ဦးဇော်လွင်က ပြောသည်။
Level Crossing ပြုပြင်မည့် အင်းစိန်-ကြည့်မြင်တိုင်ဘူတာကြားရှိ ရထားလမ်းကူးခြောက်ခုမှာ ရွာမကျောင်းလမ်း၊ ကမာရွတ်ဘူတာလမ်း၊ အုတ်ကျင်းဘူတာလမ်း၊ ပါရမီလမ်း၊ ပေါ်ဆန်းမွှေးလမ်းနှင့် ကြို့ကုန်းဆေးဝါးစက်ရုံလမ်းတို့ဖြစ်ပြီး တညင်းကုန်း-မင်္ဂလာဒုံဘူတာကြားရှိ ရထားလမ်းကူးများမှာ တညင်းကုန်းလမ်းကူး၊ ဂေါက်ကွင်းလမ်း၊ အစာစပ်စက်ရုံလမ်း၊ မွေးမြူရေးခြံလမ်းနှင့် ခရေပင်လမ်းကူးတို့ ဖြစ်သည်။
"မြို့ပတ်အနောက်ခြမ်းက Level Crossing တွေမှာ YBS ဖြတ်သန်းတာ မရှိပါဘူး။ အရှေ့ခြမ်းမှာက တညင်းကုန်းနဲ့ ခရေပင်လမ်း နှစ်ခုမှာပဲ YBS ဖြတ်သန်းပါတယ်။ ဒါပေမဲ့ အဲ့ဒီနေရာမှာ လမ်းလွှဲတွေနဲ့ စနစ်တကျလုပ်မှာဆိုတော့ ခရီးသည်တွေအဆင်ပြေမှာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ပြုပြင်မည့် ရထားလမ်းကူး ၁၁ ခုသည် သင်္ကြန်မတိုင်ခင် ပြီးစီးမည်ဖြစ်ပြီး အဆင့်မြှင့်တင်မှုပြုလုပ်နေစဉ်ကာလအတွင်း ရက်ပိုင်းအလိုက် ကားလမ်းများ ယာယီပိတ်ထားမည်ဖြစ်ကာ ပြီးစီးပါက လမ်းကူး၏အပြင် ပတ်လမ်းအခြမ်းကို ဆက်လက်ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။
Source: Myawaddy