ရန်ကုန်မြို့တွင် Serviced Apartment (အဆင့်မြင့်ဝန်ဆောင်မှုပါသောတိုက်ခန်း) အခန်း ၂၂၅၀ ဝန်းကျင်ရှိလာပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အခန်းသစ်ထွက်ရှိမှုမရှိခဲ့သော်လည်းအခန်းငှားရမ်းခများ ကျဆင်းခဲ့ကြောင်းကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက် ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်သော Collier International (Myanmar) က ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ် ဈေးကွက်အစီရင်ခံစာအရသိရသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Kantharyar Serviced Resident သည် ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဈေးကွက်ဝင်ခဲ့ခြင်းကြောင့် ယခင်သုံးလပတ်ထက် အခန်းအရေအတွက် ၁၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီးအခန်းပေါင်း ၂၂၅၀ ဝန်းကျင်ရှိလာကာ ၂၀၁၉ ခုနှစ် ပထမနှင့် ဒုတိယသုံးလပတ်တွင် အခန်းသစ် ထပ်မံမထွက်ရှိကြောင်း သိရသည်။
တည်ဆောက်ဆဲ စီမံကိန်းများကြောင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အခန်းပေါင်း ၂၀၀၀ ဝန်းကျင် ထပ်မံထွက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်းဈေးကွက်သည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှုတိုက်ခန်းများကို ငှားရမ်းလိုသူ ပိုမိုများပြားလာသည်။ ငှားရမ်းလိုသူအချို့က ကုန်ကျစရိတ်လျှော့ချသည့်အနေဖြင့်အခန်းငယ်များကို ပိုမိုရွေးချယ်မှုများလာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်းနှင့် Penthouse တိုက်ခန်းများ ပိုမိုဈေးကွက်ဝင်လာသည်။ ငှားရမ်းခအနေဖြင့်လည်း ရန်ကုန်မြို့၏ အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးသည်အရှေ့တောင်အာရှဈေးကွက်တွင် အမြင့်ဆုံးနှုန်းများတွင်ပါဝင်ပြီး အနာဂတ်ကာလတွင် အလယ်အလတ်အခန်းများက အလားအလာ ကောင်းမွန်နေသည်။
ဝန်ဆောင်မှုတိုက်ခန်း ငှားရမ်းမှုနှုန်းထားသည် လက်ရှိအတိုင်း ဆက်သွားမည်ဟု မျှော်မှန်းထားသော်လည်း အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့် အခန်းများ ပိုမိုအလားအလာကောင်းနေသည်။ အခန်းအရေအတွက်လည်းဆက်လက်တိုးတက်နေမည်ဟုခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အခန်းပေါင်း ၂၅၀၀ ကျော်၊ ၂၀၂၁ ခုနှစ်တွင် အခန်းပေါင်း ၄၀၀၀ ဝန်းကျင်အထိ ရှိလာမည်ဟု မျှော်မှန်းထားသည်။
၂၀၂၀ ပြည့်နှစ်၌ အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၆၇ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ အချက်အချာနေရာများတွင် တည်ရှိမည်ဟု မျှော်မှန်းထားပြီး ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့သည် ရေပန်းအစားဆုံးနေရာများ ဖြစ်သည်။
ရန်ကုန်မြို့၏ လက်ရှိအဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်းများ၏ ၃၄ ရာခိုင်နှုန်းသည် အိပ်ခန်းတစ်ခန်းပါ အခန်းများဖြစ်ပြီး အိပ်ခန်းနှစ်ခန်းပါ အခန်းမှာ ၃၃ ရာခိုင်နှုန်း၊ အိပ်ခန်သုံးခန်းပါအခန်းမှာ ၂၆ ရာခိုင်နှုန်း၊ အိပ်ခန်းလေးခန်းပါအခန်းမှာလေးရာခိုင်နှုန်းနှင့် Studio အခန်းမှာ သုံးရာခိုင်နှုန်းရှိကြောင်း သိရသည်။
ငှားရမ်းမှုနှုန်းထားအနေဖြင့် ၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်တွင် ၈၇ ဒသမ ၂ ရာ ခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇၇ ဒသမ ၉ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၈၁ ရာ ခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၈၂ ရာခိုင်နှုန်း၊၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်တွင် ၈၃ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် တတိယသုံးလပတ်တွင် ၈၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၇၉ ရာ ခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ရာခိုင်နှုန်း ၈၀၊ ၂၀၁၉ ခုနှစ်ဒုတိယသုံးလပတ်တွင် ၈၀ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။
ငှားရမ်းခအနေဖြင့် ၂၀၁၉ ခုနှစ် ဒုတိယ သုံးလပတ်တွင် အိပ်ခန်းတစ်ခန်းပါအခန်း၊ အိပ်ခန်းနှစ်ခန်းပါအခန်းများ ယခင်သုံးလပတ်နှင့် ယှဉ်ပါက ဈေးနှုန်းများကျဆင်းခဲ့သည်။ လက်ရှိပျမ်းမျှတစ်လ ငှားရမ်းခနှုန်းများမှာ Studio ခန်းမှာဒေါ်လာ ၂၀၁၀၊ အိပ်ခန်းတစ်ခန်းပါ အခန်းမှာ ဒေါ်လာ ၃၂၀၀၊ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ဒေါ်လာ ၄၃၀၀၊ အိပ်ခန်းသုံးခန်းပါအခန်းမှာ ဒေါ်လာ ၅၅၀၀၊ အိပ်ခန်းလေးခန်းပါအခန်း (Penthouse) မှာ ဒေါ်လာ ၇၂၀၀ ဖြစ်ကြောင်း သိရသည်။