သီလဝါ အထူးစီးပွားရေးဇုန် SEZ


13 November, 2020

ရန်ကုန်မြို့ တစ်ဘက်ကမ်းတွင် တည်ရှိ သည့် သီလဝါ SEZ သည် သံလျင်တံတားမှ တစ်ဆင့် သွားရသည်။ တံတားမှာ အသွားတစ် လမ်း၊ အပြန်တစ်လမ်းသာ ရှိသည်။ သို့ဖြစ်ရာ ယာဉ်ကြောကျပ်သည့် ပြဿနာကို ကြုံကြရ သည်။ ထိုပြဿနာကို ဖြေရှင်းရန် ပဲခူးတံတား အသစ်ကို လက်ရှိ သန်လျင်တံတားနှင့် အပြိုင် တည်ဆောက်မည် ဖြစ်သည်။

 

အရွယ်အစားမှာ အသွား နှစ်လမ်း၊ အပြန် နှစ်လမ်း ပါရှိသည့် လေးလမ်းသွား အရွယ်အစား ဖြစ်သည်။ ၀န်ချိန် များသော ကုန်တင်ယာဉ်များ သွားလာမှုကို ခံနိုင်ရည်ရှိမည်။ Japan International Cooperation Agency (JICA) သည် Japanese ODA ချေး ငွေအဖြစ် မြန်မာနိုင်ငံ အစိုးရသို့ စုစုပေါင်း ယန်း ၁၂၅ ဘီလျံ ထုတ်ချေးပေးရန်သဘောတူစာချုပ် ကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းချေးငွေတွင် စီမံကိန်းခြောက်ခု အကျုံးဝင်သည်။ ၎င်း စီမံ ကိန်းများတွင် ပဲခူးမြစ်တံတားတည်ဆောက်ရေး စီမံကိန်းလည်း ပါ၀င်ပြီး ချေးငွေပမာဏမှာ ယန်း ၃၁ ဘီလျံဖြစ်သည်။

 

သန်လျင်တံတားသည် သက်တမ်းအိုမင်း ခြင်းကြောင့် ကုန်တင်ယာဉ်များအတွက် ခွင့်ပြု တန်ချိန်ကို အကန့်အသတ် ထားရှိရသည်။ နောက်ထပ်တံတားတစ်ခု ဖြစ်သော ဒဂုံတံတား သည် သန်လျင်တံတားမှ အထက်ဘက် ၆.၄ ကီလိုမီတာတွင် တည်ရှိပြီး ခရီးလမ်းကြောင်း မသင့်သဖြင့် အသုံးနည်းသည်။ ပဲခူးတံတား အသစ်ကို ၂၀၂၁ ခုနှစ်မတ်လတွင် ပြီးစီးရန် လျာထားသည်။ တင်ဒါအတွက် အချက်အလက် များကို ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ပေးရန် လျာထားသည်။

 

သီလဝါ စက်မှုဇုန်အတွက် ဆက်သွယ်ရေး ဖိုင်ဘာကွန်ရက်ကိုလည်း ထူထောင်သွားမည် ဖြစ်ပြီးရန်ကုန်-နေပြည်တော်-မန္တလေးကွန်ရက်၊ ရန်ကုန်မြို့ပြကွန်ရက်တို့နှင့် သီလဝါ အထူး စီးပွားရေးဇုန်ကွန်ရက်တို့ ချိတ်ဆက်မည် ဖြစ် သည်။ ထို့အတွက် လုပ်ကိုင်မည့် ကန်ထရိုက် တာများ ရွေးချယ်နေသည်ဟု သိရသည်။ သန်လျင်တံတားမှ သီလဝါ အထူးစီးပွား ရေးဇုန်သို့ ဆက်သွယ်ပေးထားသည့် ကားလမ်း ပျက်စီးယိုယွင်းသဖြင့် အဆင့်မြှင့်တင်ခြင်းကို လည်း ဆောင်ရွက်ရာ၌ လေးလမ်းသွားလမ်းမ အဖြစ်သို့ ရောက်ရှိမည် ဖြစ်သည်။

 

သီလဝါ အထူးစီးပွားရေးဇုန်၏ အပိုင်း တစ်ခုဖြစ်သော ကွန်တိန်နာသင်္ဘောဆိပ်ကမ်း ကို တည်ဆောက်သွားမည််။ သီလဝါ ဆိပ်ကမ်း တစ်ခုလုံးသည် တစ်ကွက်လျှင် မီတာ ရ၀၀ × ၂၀၀ အကျယ်အဝန်းရှိသည် အကွက် ၂၃၇ ကွက်ပါ၀င်ပြီး နံပါတ် ၂၆ နှင့် ၂၇ အကွက်တို့ တွင် ကွန်တိန်နာဆိုက်ကပ်ရန် တည်ဆောက် မည်ဖြစ်သည်။ ဆောက်လုပ်ရေးအပိုင်းသည် နှစ်နှစ်ခွဲကြာမြင့်မည်ဖြစ်ပြီး စက်ယန္တရားများ တပ်ဆင်ခြင်းသည် တစ်နှစ်ခွဲကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

 

၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးရန်လျာထားသည်။ ကွန်တိန်နာများကို တစ်နှစ်လျှင် ၁၉၀,၀၀၀ TEU ကိုင်တွယ်ပေးနိုင် မည့် ကွန်တိန်နာဆိပ်ကမ်း ဖြစ်လာမည်။ ဆောက်လုပ်ရေးကို Toyo Construction Co. နှင့် JFE Engineering Corp. တို့က လုပ် ဆောင်မည်ဟု သိရသည်။ စီမံကိန်းအတွက် ချေးငွေသည် ODA (Official Development Assistance)ချေးငွေဖြစ်ပြီး အတိုးနှုန်း နည်းပါး သည်။

 

ကွန်တိန်နာ ဆိပ်ကမ်း ပြီးစီးသွားလျှင် သီလဝါ အထူးစီးပွားရေးဇုန်သည် logistics hub တစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ် သည်။ သီလဝါ အထူးစီးပွားရေးဇုန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုဖြည့်ဆည်း ပေးရန် ၅၀ MW gas turbine thermal ဓာတ် အားစက်ရုံတစ်ခု ရှိမည်ဖြစ်ပြီး ဇုန်အေ၏ ပင်မ ၀င်ပေါက်အနီးတွင် တည်ရှိသည်။ ဂျင်နရေတာ နှစ်လုံးအထိ လုပ်ကိုင်ပြီးစီးနေပြီး ဓာတ်အား ထုတ်လုပ်လျက် ရှိသည်။

 

ဓာတ်အားဖြန့်ဖြူးရန် ၂၃၀ ကေဗီ ဓာတ် အားလိုင်းထူထောင်မည် ဖြစ်သည်။ ဓာတ်အား ခွဲရုံ၊ ၃၃ ကေဗီ ဖြန့်ဖြူးရေးလိုင်းတို့ကို ထားရှိ မည်ဖြစ်ရာ ယခုအခါ လုပ်ငန်းပြီးစီးပြီဟု သိရ သည်။ ဓာတ်ငွေ့ရယူရန် ပိုက်လိုင်းကိုလည်း ဆက်သွယ်ခဲ့သည်။ ဓာတ်ငွေ့ လုံလုံလောက် လောက် မရရှိသည့် ပြဿနာကို ကျော်လွှား ရန်အတွက် ဒီဇယ်ဖြင့် မောင်းနှင်သော ဂျင်န ရေတာများကို ထားရှိမည် ဖြစ်သည်။

 

ဤ လျှပ် စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်စနစ် ကြောင့် ဇုန် အေနှင့် ဘီ နှစ်ခုစလုံးတို့ ဓာတ်အား လုံလုံလောက်လောက် အမြဲမပြတ် ရရှိကြမည် ဖြစ်သည်။ ရေသန့် ရရှိရေးအတွက် စီမံကိန်းတွင် နေ့စဉ် ရေဂါလံ ဘီလျံ ၃၀ ကို ရန်ကုန် အရှေ့ပိုင်းသို့ ပေးပို့မည်။ နေ့စဉ် ရေဂါလံ ၁၀ ဘီလျံကို သီလဝါသို့ ပေးပို့မည် ဖြစ်သည်။ ရေကို လှည်းကူးမြို့နယ်တွင် တည်ရှိသည့် လဂွန်းပြင် ရေသန့်စက်ရုံမှ ပေးပို့မည်ဖြစ်သည်။

 

၎င်းစီမံကိန်းသည် တည်ဆောက်ဆဲဖြစ်ပြီး သီလဝါသို့ ၂၀၁၉ ခုနှစ်တွင် ရေ စတင်ပေးပို့နိုင် မည်ဖြစ်သည်။ စီမံကိန်း တစ်ခုလုံးအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု လျာထားသည်။

Infrastructure and Zones Read 75 times