ပဲခူးတိုင်းဒေသကြီးရှိပဲခူးမြို့အား ကိုရီးယားသမ္မတနိုင်ငံအကူအညီဖြင့် ဦးစားပေးကဏ္ဍအလိုက် Smart City (နေချင်ဖွယ်မြို့တစ်ခု)အဖြစ်အဆင့်မြှင့်တင်ရန်စီစဉ်ဆောင်ရွက်နေကြောင်းပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
Smart City ပြုလုပ်ရန်အတွက် ကိုရီးယားနိုင်ငံအခြေစိုက် Korea Smart City Association မှ ဦးစားပေးစတင်ဆောင်ရွက်မည့်နေရာကို လေ့လာဖော်ပြပေးမည်ဖြစ်သည့်အပြင်ဌာနဆိုင်ရာများ၏
ကဏ္ဍအလိုက် လိုအပ်ချက်များကိုလည်း ဒီဇိုင်းရေးဆွဲဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Smart City သည်အလွန်ကောင်းမွန်သောလုပ်ငန်းစဉ်ဖြစ်သော်လည်း အစိုးရအနေနှင့် ဘတ်ဂျက်အခက်အခဲရှိနိုင်ကြောင်း သိရသည်။မြို့တော်တစ်ခုလုံးပြောင်းလဲခြင်းသည်
ကုန်ကျစရိတ်များပြားလွန်းသဖြင့် ပြည်သူများအတွက် အလွန်အကျိုးရှိစေမည့်နေရာကိုသာ အရင်ဆုံးပြုလုပ်ရန်ကိုပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးမှပြောကြားထားကြောင်းကို သိရသည်။
ပဲခူးမြို့သည် နိုင်ငံခြားခရီးသွားများစွာ လာရောက်လည်ပတ်လျက်ရှိသောကြောင့်ကမ္ဘာဇသာဒီနန်းတော်နှင့် ကျုံးရိုးအားပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိသည့်အပြင်
ယာဉ်ကြောကျပ်တည်းခြင်းကို ဖြေရှင်းပေးနိုင်ရန် ပဲခူးမြို့အဝင်တက္ကသိုလ်(မြို့ရှောင်လမ်း) လမ်းဆုံမှ ကလိ(မြို့ရှောင်လမ်း) လမ်းဆုံအထိ မီးပွိုင့်များတွင် CCTVတပ်ဆင်ပြီး
Control Center ဖြင့်ထိန်းချုပ်နိုင်မည့် အစီအစဉ်များအကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း သိရသည်။
Smart City အဖြစ် ဆောင်ရွက်မှုကို ပဲခူးမြို့အပြင် မန္တလေးမြို့တွင်လည်း ဆောင်ရွက်နိုင်ရန်အတွက်မြို့ပြဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာMaster Plan များရေးဆွဲလျက်ရှိကြောင်း သိရသည်။
Source:Pyi Myanmar