ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ကမ်းနားလမ်းရှိ ယခင်စုပေါင်းရုံးအဆောက်အအုံအား The Heritage Hotel Kempinski Yangon အဖြစ်၂ဝ၁၈ခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းသိရသည်။
နှစ်ပေါင်း ၉ဝကျော်သက်တမ်းရှိသည့် စုပေါင်းရုံးအဆောက်အအုံကို ကြယ်ငါးပွင့်အဆင့်ဟိုတယ်တည်ဆောက်မှုနှင့် ပတ်သက်၍ ရှေ့နေများကွန်ရက်မှ ကန့်ကွက်မှုရှိခဲ့သော်လည်း ယခုချိန်တွင် ဟိုတယ်အတွင်းပိုင်းတည်ဆောက်မှုမှာ ပြီးစီးသလောက်ရှိနေပြီး အပြင်ပိုင်းပြင်ဆင်တချို့အားဆောင်ရွက်လျက်ရှိသည်။
ယခင် စုပေါင်းရုံးအဆောက်အအုံအား Flying Tiger Engineering ကုမ္ပဏီထံ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားပြီး ဟိုတယ်တည်ဆောက်ရန်
နိုင်ငံတော်အစိုးရသို့မြေယာအသုံးပြုခ ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၁၄ဒသမ ၄သန်းပေးသွင်းထားကြောင်း၊ဟိုတယ်တည်ဆောက်ပြီးပါက လစဉ်ဝင်ငွေ၏ ၅ရာခိုင်နှုန်းကိုအခွန်ပေးဆောင်ရန်
သဘောတူညီချက်ဖြင့် ဟိုတယ်တည်ဆောက်ခွင့်ရရှိခဲ့ပြီး နှစ် ၅ဝငှားရမ်းခွင့်ရရှိခဲ့ကာ စင်ကာပူကုမ္ပဏီတစ်ခုနှင့် ဖက်စပ်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။
Kempinski ကုမ္ပဏီသည်နိုင်ငံပေါင်း၃ဝကျော်တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုများအား ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံ Kempinski Hotel Nay Pyi Taw အားဖွင့်လှစ်ထားကြောင်း၊ယင်းအဆောက်အအုံကိုရှေးမူမပျက်
ပြင်ဆင်ထားသည်ဟု The Heritage Hotel Kempinski Yangon ၏ထုတ်ပြန်ချက်အရ သိရသည်။