အိမ်နံပါတ်၊ လမ်းနံပါတ်များကို ZIP Code များဖြင့် သတ်မှတ်မည့် မန်းစည်ပင်


12 December, 2019

မန္တလေးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များ၌ လမ်းနံပါတ်နှင့် အိမ်နံပါတ်များ စနစ်တကျဖြစ် စေရေး ZIP Code များဖြင့် ပြန်လည်သတ်မှတ်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဦးရဲလွင်က ပြောသည်။
 
‘‘မန္တလေး မြို့တော်အတွက် ZIP Code လမ်းနံပါတ်နဲ့ အိမ်နံပါတ်တွေ စနစ်တကျဖြစ်စေရေး အတွက် သုတေသနပြုလုပ်ချက် တွေကို ၂၀၁၈ ဇူလိုင်ကတည်းက စပြီး လေ့လာပြုစုခဲ့ကြတာပါ။ နိုင်ငံပေါင်းစုံရဲ့ စံနှုန်းများကို နှိုင်းယှဉ်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်’’ဟု မြို့တော်ဝန်ဦးရဲလွင် က ၎င်း၏လူမှုကွန်ရက်တွင် မေလ ၁၆ ရက်က ရေးသားသည်။

မန္တလေးမြို့ တွင် နှစ် ၅၀ ကျော်အတွင်း မိမိတို့ဘာသာလမ်းအမည်များပေးသဖြင့် စည်ပင်သာယာနယ်နိမိတ်ဖြစ်သည့် မြို့နယ် ခြောက်ခု၌ ရတနာလမ်းအမည်ဖြင့် လမ်း ၂၀ နှင့် သဇင်လမ်းအမည်ဖြင့် ၁၅လမ်းရှိကြောင်း ၎င်းကပြောသည်။

‘‘ZIP Code နဲ့ အိမ်နံပါတ်၊ လမ်းနံပါတ်တွေ စနစ်တကျရှိဖို့ သိပ်အရေးကြီးပါတယ်။ ZIP Code ကို ဂဏန်းရှစ်လုံးနဲ့ လုပ်ဖို့ ဆုံးဖြတ်ဖြစ်ပါတယ်။ လမ်းနံပါတ်တွေ အတည်ပြုပြီးရင်လမ်းညွှန် ဆိုင်းဘုတ်တွေကို နံပါတ်အသစ် နဲ့ လမ်းအမည်အဟောင်းကိုတွဲပြီး အဆင့်မြင့် Finger Post တွေနဲ့ တစ်မြို့လုံးတပ်ဆင်ပေးသွားမှာ ပါ’’ဟု ဦးရဲလွင်က ဖေ့စ်ဘွတ်ခ် တွင် ရေးသားထားသည်။

 မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ၎င်းတို့၏ ဧရိယာအတွင်း ZIP Code များ ပြန်လည်သတ်မှတ်ရေးသုတေသနပြုလုပ်ချက်များ ပြန်လည်ဆွေးနွေးမှုကို မေလ ၁၆ ရက်က ပြုလုပ်ပြီး လုပ်ငန်းဆောင်ရွက်ရေး အကြမ်းသဘောတူညီချက်ကို နှစ်ပတ်အတွင်း ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့ကြောင်း မြို့တော်ဝန်ကဆိုသည်။

Local Read 71 times