ဂျပန်နိုင်ငံ အိုဆာကာမြို့တော်အတွက် တည်ဆောက်ပေးထားသော Kansai International Airport သည် အိုဆာကာပင်လယ်အော်အတွင်းရှိ မြေဖို့ထားသော ကျွန်းတု နှစ်ခု ပေါ်တွင် တည်ရှိသည်။ ၁၉၉၄ ခုနှစ်တွင် Kansai လေယာဉ်ကွင်းကို ဖွင့်လှစ်ခဲ့ပြီးသည့်နောက်တွင် နိမ့်ဆင်းနေရာ ၃၈ ပေ ကျော်အထိ ရှိနေပြီ ဖြစ်သည်။
အင်ဂျင်နီယာတို့က ကျွန်းတုများ နိမ့်ကျနစ်ဝင်မည်ကို သိထားပြီး တွက်ချက် ခန့်မှန်းထားကြသည်။ ပြဿနာမှာ ကျွန်းတိုတို့က သူတို့ ခန့်မှန်းထားသည်ထက် ပိုမြန်မြန် နိမ့်ကျနစ်ဝင်နေကြခြင်း ဖြစ်သည်။
လေဆိပ်တည်ဆောက်ထားသည့် ကျွန်းတုတို့ နှစ် ၅၀ အတွင်း မြေအသားကျသွားမည်ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၁၃ ပေတွင် အသားကျမည်ဟု အင်ဂျင်နီယာတို့က တွက်ချက်ခန့်မှန်းထားကြသည်။ ထိုအမြင့်သည် ပင်လယ်ရေ လွှမ်းမိုးမှုမှ ကင်းဝေးရန် အနည်းဆုံ လိုအပ်သော မြေအမြင့် ဖြစ်သည်။ ထိုအမြင့်သို့ နိမ့်ကျသွားရာတွင် ပထမကျွန်းသည် ခြောက်နှစ်အတွင်း ရောက်ရှိသွားမည်ဟုလည်း ခန့်မှန်းထားကြသည်။
ကျွန်းမြေသား ပတ်ပတ်လည်ကို ပင်လယ်ကာနံရံများဖြင့် ကာရံပေးထာပြီး အင်ဂျင်နီယာအချို့က ခန့်မှန်းထားသည်မှာ ၂၀၅၆ ခုနှစ်တွင် နံရံကို ထပ်မြှင့်ပေးရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ကုန်ကျမည် ဖြစ်သည်။ ကျွန်းနှစ်ကျွန်းသည် ၁၃ ပေ ရေမျက်နှာပြင်အထက် ရှိနေရာမှ ဆက်လက် နိမ့်ကျဦးမည် ဖြစ်ရာ ပင်လယ်ရေမျက်နှာပြင်နှင့် အညီ ဖြစ်သည်အထိ နိမ့်ကျနိုင်သည်ဟု ခန့်မှန်းထားကြသည်။
ဖို့မြေ၏ သဘာဝသည် ရေမြှုပ်အစိုနှင့် သဘောသဘာဝချင်းတူနေသည်။ လေဆိပ်အဆောက်အဉီများ၏ ကြီးမားသော အလေးချိန်ကို ထောက်ပင့်ပေးထားနိုင်ဖို့အတွက် မြေသား ခြောက်သွေ့ကျစ်လစ်ပြီး မာသွားဖို့ လိုသည်။ ထိုအခြေအနေသို့ ပြောင်းလဲအောင် Kansai ဆောက်လုပ်ရေးလုပ်သားများက ရွှံ့သား ပင်လယ်ကြမ်းပြင်ပေါ်တွင် သဲအလွှာအထူ ၅ ပေ ခင်းသည်။ ထို့နောက် ထောင်လိုက်ပိုက် လုံးရေ ၂.၂ သန်းကို တပ်ဆင်သည်။ ပိုက်လုံးအချင်းသည် ၁၆ လက်မ နီးပါး ရှိသည်။ ရွှံ့လွှာထဲသို့ ရောက်သည်အထိ ပိုက်များ ဆောင့်ထု၍ ထည့်ပြီးသောအခါ ပိုက်များအတွင်း သဲများ ဖြည့်ထည့်သည်။ သဲများက အစိုဓာတ်ကို စုပ်ယူသိမ်းဆည်းပေးသည်။ ပိုက်များကို လုပ်သားတို့က ပြန်ထုတ်ယူလိုက်သောအခါ ပိုက်လုံးကျင်းများထဲ သဲများ ကျန်ရစ်သည်။
နောက်တစ်ဆင့်တွင် သဲအလွှာပေါ်တွင် မြေဖို့သည်။ အိုဆာကာပင်လယ်အော် ကြမ်းပြင်မှ မြေများကို တူးယူပြီး ဖြည့်သည်။ ထို့အပြင် အနီးတွင် တည်ရှိသော တောင်မှ မြေများကို သယ်ယူ၍လည်း ဖို့သည်။ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့ထံမှလည်း ဝမ်းပြားရေယာဉ်ဖြင့် မြေများ တင်ဆောင် သယ်ယူကာ ဖို့သည်။
မြေထုထည် အလေးချိန်က အစိုဓာတ်တို့ကို ပိုက်လုံးကျင်းများထဲ ရှိနေသည့် သိပ်သည်းမှု နည်းသော သဲများဆီသို့ ဖိညှစ်ပေးပို့သည်။ မျက်နှာပြင်ပေါ်သို့ တက်လာသော ရေများကို စုပ်ထုတ်ပစ်သည်။ မြေသား ကျစ်လစ်သွားပြီး အလွယ်ဖြင့် ပုံမပြောင်းတော့ချေ။ မာလည်း ပိုမာလာသည်။
ကျွန်းတုအတွက် ပင်လယ်နံရံကိုကွန်ကရိ ဘလောက်တုံးကြီးများဖြင့် ဆောက်လုပ်ပေးသည်။ ဘလောက်တုံး ၄၈,၀၀၀ ခု သုံးစွဲသည်။
ပင်လယ်မျက်နှာပြင်အထက် ၆၅ ပေ အမြင့်အထိ မြေဖို့ပေးသည်။ တစ်လွှာပြီး တစ်လွှာ ဖို့ပေးခြင်းဖြစ်ရာ တစ်လွှာဖို့ပေးပြီးသောအခါ အစိုဓာတ် လျော့ကျပြီး ကျစ်လစ်မာကြောသွားအောင် အချိန်ပေးပြီး စောင့်သည်။ ပြီးမှ နောက်တစ်လွှာကို ဆက်ဖို့သည်။
မြေလွှာများ တည်ငြိမ်ပြီး အသားကျသွားသည့်အခါ ပင်လယ်မြေမျက်နှာပြင်အထက် အမြင့် ၁၃ ပေ ဖြင့် နှစ်ပေါင်း ၅၀ ရှိနေစေမည့် အမြင့် ၆၅ ပေ အထိ ဖို့သည်။ ဟိုက်ဒြောလစ်ဂျက် hydraulic jack ပေါ်တပ်ဆင်ထားသည့် ကော်လံ ၉၀၀ ကို မြေထဲသို့ ထည့်သည်။ အဆောက်အဉီ အခြေခံ ဖောင်ဒေးရှင်းသည် ၎င်းကော်လံ ၉၀၀ ပေါ်တွင် တင်ထားမည် ဖြစ်သည်။ ဂျက်များကို အနိမ့်အမြင့် ကစားပေးခြင်းဖြင့် မြေမျက်နှာပြင်ကို ထိန်းကျောင်းပေးမည် ဖြစ်သည်။
Kansai ကျွန်းတု ဖန်တီးခြင်း စီမံကိန်းကို ၁၉၈၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်သည်။ ပထမကျွန်းသည် ၁၉ ပေ နစ်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ၂၇ ပေ နစ်သွားခဲ့သည်။ အင်ဂျင်နီယာများ တုန်လှုပ်သွားကြသည်။ လေယာဉ်ကွင်းကို ပင်လယ်ထဲ မြှုပ်မသွားအောင် ကယ်ဆယ်ရန် ခရီးသည်အဆောက်အအုံအောက်ကို ဆောက်လုပ်ရေးလုပ်သားများ တူးဖော်သည်။ ဟိုင်ဒြောလစ်ဂျက်အောက်တွင် သံပြားထူထူများ ထိုးထည့်ပြီး ခင်းပေးသည်။ ဂျက်များဖြင့် ကော်လံများကို ပင့်ပေးသည်။ ထိုသို့ စီမံဆောင်ရွက်ပေးသော်လည်း လေဆိပ်က ပိုနှေးသော နှုန်းဖြင့် နိမ့်ကျနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ ၂ နှစ်တစ်ကြိမ် ဂျက်များကို အသုံးပြုပြီး လေဆိပ်ကို ပင့်မ ပေးရသည်။ ကော်လံများ စောင်းမစောင်းကိုလည်း အင်ဂျင်နီယာများကို စစ်ဆေးပေးရသည်။
ဒုတိဘကျွန်းတုသည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၃ ပေသို့ ၂၀၂၃ ခုနှစ်တွင် ရောက်ရှိလိမ့်မည်ဟု ပြင်ဆင်ခန့်မှန်းထားကြသည်။ အကယ်၍ တိုင်ဖုန်း မုန်တိုင်း တိုက်ခိုက်ပါက ပင်လယ် လှိုင်းထပြီး ပင်လယ်ကာနံရံများ ပေါ်သို့ ကျော်ပြီး လေယာဉ်ကွင်းထဲ ပင်လယ်ရေများ ရောက်ရှိလာပြီး ပြေးလမ်းများနှင့် အဆောက်အဦများ ရေမြှုပ်မည် ဖြစ်သည်။
နစ်နေခြင်းအပြင် နောက်ထပ် ပူပန်ရသည်မှာ တိမ်းစောင်းခြင်း ဖြစ်သည်။ . Kansai ကျွန်းတုများသည် နိမ့်ကျသည့်နှုန်း တစ်နေရာနှင့် တစ်နေရာ မတူကြချေ။ သို့ဖြစ်ရာ နစ်သည့်နှုန်းများသည့်နေရာသည် နိမ့်ပြီး မြေမျက်နှာပြင် တိမ်းစောင်းနေလိမ့်မည်။
ခရီးသည် အဆောက်အဦတည်ရှိသော ပထမကျွန်းတုသည် နိမ့်ကျနှုန်း ပိုများကြောင်း အင်ဂျင်နီယာတို့ သိရှိရသည်။ ထိုသို့ မညီညာသဖြင့် ပြေလမ်းများကို ကွန်ကရစ်ဖြင့် ခင်းလျှင် အက်ကွဲကြောင်းများ ဖြစ်ပေါပြီး ပျက်စီးကုန်မည် ဖြစ်ရာ ကတ္တရာသားဖြင့်သာ ခင်းထားသည်။
လေယာဉ်ရုံ၊ ယာဉ်ရပ်နားရန်ရုံတို့၏ အလေးချိန်သည် ကျွန်းတု၏ အလေးချိန်နှင့် နှိုင်းစာလိုက်ပါက မပြောပလောက်ချေ။ Airbus A380 သည် ဆီအပြည့် ခရီးသည်အပြည့် ကုန်အပြည့်ဆိုပါ အလေးချိန်သည် ကျွန်းတုအလေးချိန်၏ ၀.၀၀၀၃ ရာခိုင်နှုန်းထက် နည်းသည်။
၁၉၉၄ ခုနှစ်တွင် Kansai International Airport ကို ဖွင့်လှစ်စဉ် ခန့်မှန်းကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၈ ဘီလျံဟု တွက်ချက်ခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ပြုပြင်ထိန်းသိမ်းရသည့် စရိတ်စကများ ကြီးမားသဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ဖြစ်လာခဲ့သည်။ ထိုသို့ ဈေးကြီးသော လေဆိပ်ကို ဖို့မြေပေါ်တွင် အဘယ်ကြောင့် ဆောက်လုပ်ကြရသနည်း။
ဂျပန်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနသည် လေဆိပ်ကို တည်ဆောက်ရန် မြေနေရာ ရှာဖွေသောအခါ ဂျပန်နိုင်ငံ မြေဈေးသည် မြင့်မားလွန်းသည်ဖြစ်ရာ လေယာဉ်ကွင်း မြေဧရိယာသည် တန်ဖိုးကြီးမားလွန်းနေသည်။ လေယာဉ်ပျံ ဆူညံသံများလည်း မြို့နေလူထုအပေါ် ကျရောက်မည်။ မြေဧရိယာနှင့် မလွတ်ကင်းသည့် လူနေအိမ်ခြေများ၊ စက်ရုံများ နေရာရွှေ့ပြောင်းပြီး ပြန်လည် နေရာချထားပေးရမည့် စရိတ်စကများလည်း ရှိနေသေးသည်။ ထိုအချက်များ ပြေလည်စေရန် ပင်လယ်ထဲတွင် ကျွန်းတု တည်ဆောက်ပြီး လေယာဉ်ကွင်း ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
Osaka Itami International Airport ကြောင့် မြို့နေလူထု ခံစားနေရသည့် လေယာဉ်ပျံ ဆူညံသံများ ပြဿနာကို ဖြေရှင်းပေးရန် အဓိက ထားခဲ့သည်ဟု Kansai International Land Development Company က ပြောကြားသည်။ ထိုလေဆိပ်သို့ ပထမဆုံး လေယာဉ်သက်ဆင်းခဲ့သည့် ၁၉၆၄ ခုနှစ်တွင် လေယာဉ်ပျံသံ ဆူညံသဖြင့် တရားစွဲဆိုခံရသည်။ တရားရုံးတော်က နစ်နာကြေး ပေးရန် စီရင်ချက် ချခဲ့သည်။ လေယာဉ်များက မြို့ပေါ် ဖြတ်သန်းပြီး အဆင်းအတက် မလုပ်ကြဘဲ ပင်လယ်ဘက်မှသာ အဆင်းအတက် လုပ်ကြသည်။
လေဆိပ်အသစ်ကို ပင်လယ်ကမ်းခြေမှ သုံးမိုင်ကွာဝေးသော နေရာတွင် တည်ဆောက်ထားသည်။
Kansai International Airport ကို Kansai International Land Development Company က ၂၀၀၆ ခုနှစ်က စီမံခန့်ခွဲသည်။ ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီများ စုပေါင်းထားသော လုပ်ငန်းစုအသွင်ဖြင့် စီမံလုပ်ကိုင်လျက် ရှိပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ လုပ်ကိုင်ခွင့် နှစ်ဉ်ကြေး အမေရိကန်ဒေါ်လာ ၃၅၀ သန်း ပေးသွင်းရသည်။
က