မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားတည်ဆောက်မှု


27 October, 2020

နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် တည်ဆောက်လျက်ရှိသော မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားသည် မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးတော့မည်ဖြစ်ကြောင်းသိရသည်။

ထိုအမှတ်(၂) ချစ်ကြည်ရေးတံတားတည်ဆောက်မှုပြီးစီးပါက နှစ်နိုင်ငံတံတားချိတ်ဆက်ပွဲအခမ်းအနားကို မတ်လ ၂၅ ရက်နေ့တွင် ကျင်းပနိုင်ရန် ပြင်ဆင်ထားကြောင်းသိရသည်။

ယင်းတံတားဖွင့်လှစ်ပါက မြန်မာ-ထိုင်း-လာအို-ဗီယက်နာမ်နိုင်ငံတို့ကိုပါ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အရှေ့အနောက်စီးပွားရေး စင်္ကြန်တည်ရှေိသောကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ အကျိုးစီးပွားသာမက မဟာမဲခေါင်ဒေသကြီး တစ်ခုလုံးအတွက်လည်း များစွာအကျိုးဖြစ်ထွန်းလာစေမည်ဖြစ်ကြောင်းသိရသည်။

ထိုတံတားတည်ဆောက်ရေးစီမံကိန်းအတွင်းပါဝင်သော မြန်မာနိုင်ငံဘက်မှ မြေယာများအတွက် မြေပိုင်ရှင် ၇၁ ဦးအားစုစုပေါင်းငွေကျပ် ၃၅၂၆ သန်းကို နိုင်ငံတော်အစိုးရကပေးခဲ့ကြောင်းသိရသည်။

ယင်းတံတားသည် အာဆီယံကုန်သွယ်မှုလမ်းကြောင်းဖြစ်သော ထိုင်းနိုင်ငံ၏ အနောက်တောင်ဘက် မဲဆောက်မြို့နယ်ရှိ စီးပွားရေးတံခါးပေါက်ဖြစ်သော ဘန့်ဝမ်တခင်းရမ်းစီရင်စု(ဝါးစကင်း) အမှတ်(၇) ရပ်ကွက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်ရေပူကျေးရွာတိုကကို ရေလယ်တိုင်မပါဘဲ ပေါင်းကူးမည့်တံတားအမျိုးအစားဖြစ်သည်။

တံတားအရှည်သည် ချဉ်းကပ်လမ်းအပါအဝင် ၂၁ ဒသမ ၄၀ ကီလိုမီတာရှည်လျားပြီး မြန်မာနိုင်ငံဘက်ကမ်းတွင် ချဉ်းကပ်လမ်း ၄ ဒသမ ၁၄ ကီလိုမီတာ၊ထိုင်းနိုင်ငံဘက်ကမ်းချဉ်းကပ်လမ်းသည် ၁၇ ဒသမ ၂၆ ကီလိုမီတာရှိကာလေးလမ်းသွားတံတားဖြစ်ပြီး တံတားလမ်းအကျယ်သည် ၁၇ မီတာရှိကြောင်းသိရသည်။

ယင်းတံတားကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင် စတင်တည်ဆောက်လျက်ရှိပြီး မြန်မာနိုင်ငံဘက်ကမ်း တည်ဆောက်ရေးဧရိယာအတွင်းပါဝင်သော မြေယာနစ်နာကြေးများကို ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်တွင် ငွေကျပ်သိန်း ၁၁၀၀ ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်ဇူလိုင် ၂၁ ရက်တွင် ငွေကျပ်သိန်း ၁၀၀၀၀ ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ငွေကျပ် ၂ ဒသမ ၆၄ သန်းပေးအပ်ခဲ့ကြောင်းသိရသည်။

Source:Myawaddy Newspaper

Mixed Use and Urban Read 65 times