ရန်ကုန်မြို့ရှိ လှော်ကားဥယျာဉ်တွင်ပြင်သစ်နည်းပညာအသုံးပြု ၍ အဆင့်မြင့်နားနေဆောင်များ တည်ဆောက်လျက်ရှိကြောင်း လှော်ကားဥယျာဉ်၏ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
“လာရောက်လေ့လာလည်ပတ်သူများပြားလာသည့်အတွက် လက်ရှိနားနေဆောင်များနှင့် မလုံလောက်သောကြောင့် အဆင့်မြင့်နားနေဆောင်များထပ်မံတည်ဆောက်နေတာပါ။ဒီဟာတွေကို သီတင်းကျွတ်အမီပြီးအောင်လုပ်ဆောင်မှာပါ"ဟု ပြောကြားသည်။
အဆိုပါဥယျာဉ်အတွင်း အပန်းဖြေနားနေနိုင်ရန်ရိုးရာတဲ၊မှန်ဆောင်၊ဘန်ဂလို၊သစ်လုံးအိမ်၊ရိုးရာအိမ်များတည်ဆောက်ထားသော်လည်း လာရောက်လည်ပတ်သူများပြားခြင်းကြောင့် လိုအပ်ချက်များရှိနေသဖြင့် ထပ်မံ၍ ယခုကဲ့သို့ တည်ဆောက်ရခြင်းဖြစ်သည်။
ယင်းဥယျာဉ်အတွင်း အဆင့်မြင့်နားနေဆောင်များကို ဧရိယာအပိုင်းသုံးပိုင်းရှိသည့်အနက် ဆာဖာရီအပိုင်းတွင် တည်ဆောက်ခြင်းဖြစ်ပြီး ယင်းနားနေဆောင်တွင် အဲကွန်း၊တီဗွီ၊ရေခဲသေတ္တာ၊မီနီဘား စသည့် အပန်းဖြေပစ္စည်းများလည်း ပါဝင်မည်ဖြစ်သည်။
“တည်ဆောက်မှုအနေအထားက ၇ဝ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီ။သီတင်းကျွတ်အမီဖွင့်ပေးနိုင်ရန် မှန်းထားပါတယ်" ဟု ပြောကြားသည်။
လှော်ကားဥယျာဉ်သည် ၁၅၄ဝ ဧက ကျယ်ဝန်းပြီး ဥယျာဉ်အတွင်း အများပြည်သူအပန်းဖြေနိုင်ရန် ဆာဖာရီ၊Minizoo၊Buffer(ကြားခံဧရိယာ)ဟူ၍ ဧရိယာအပိုင်းသုံးပိုင်း ခွဲခြားထားသည်။
လှော်ကားဥယျာဉ်အတွင်းသို့ နေ့စဉ်လာရောက်လည်ပတ်သူများအနေဖြင့် တစ်ရက်လျှင် လူဦးရေ ၈ဝဝ ကျော်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်သူ ၉ဝဝဝ ခန့်အထိ ရှိကာ ပြည်တွင်းမှ သာမက နိုင်ငံခြားခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်ကြသည်။
လှော်ကားဥယျာဉ်ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင် ငွေကျပ် ၁ဝဝဝ၊ကလေးတစ်ဦးလျှင် ငွေကျပ် ၅ဝဝ သတ်မှတ်ထားကြောင်း သိရသည်။