ကမ္ဗည်းပြားတပ်ဆင်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အ.ထ.က (၁) ပုဇွန်တောင်ကို မူလက အက်စ် သမ်ဘာရာ ရက်ဒီးယာ အထက်တန်းကျောင်း (S. Thambara Reddiar High School) အဖြစ် တည်ဆောက်ခဲ့ပြီး ကျောင်း၏ အလှူရှင်မှာ ထိုစဉ်က ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမား ဒေါက်တာ အက်စ် ရာမာနာသန်း ရက်ဒီးယား (Dr. S. Ramanatha Reddiar) ဖြစ်သည်။ ၎င်းသည် အနော်ရထာလမ်း၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြားရှိ စရီ ဝါရသရာဂျာ ပေရုမာလ် ဘုရားကျောင်း (Sri Varatha Raja Prumal Temple)၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွက် ငှက်လှောင်အိမ် တို့ကိုလှူဒါန်းခဲ့သည့်အပြင် ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် (အဆောက်အအုံဟောင်း) တည်ဆောက်ရန်လည်း မတည်လှူဒါန်းခဲ့သူဖြစ်သည်။
အ.ထ.က (၁) ပုဇွန်တောင် ဖြစ်လာမည့်အဆောက်အအုံကို ၁၉၁၇ မေ ၃၁ ရက်နေ့တွင် အုတ်မြစ်ချပေးခဲ့ပြီး ၁၉၁၈ ဇွန် ၂၀ တွင် ဖွင့်လှစ်ခဲ့သည့်အတွက် ယခုနှစ်တွင် နှစ် (၁၀၀) သက်တမ်းရှိ ပြီဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်းအဖြစ် အမည်ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပုဇွန်တောင်မြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
ယနေ့မနက် အစောပိုင်းကလည်း (၂၅) ခုမြောက် ကမ္ဗည်းပြားကို ဗိုလ်အောင်ကျော်လမ်း တွင်တပ်ဆင်ခဲ့သည်။
Source:Yangon Heritage Trust