ရွှေပန်းပင်ချောင်းတံတား အပါအဝင် တံတားလေးစင်းကို တံတားအထူးအဖွဲ့(၃)က တည်ဆောက်လျက်ရှိ


07 December, 2019

     မကွေးတိုင်းဒေသကြီး  မြို့သစ်မြို့နယ်အတွင်း တောင်တွင်းကြီး-မြို့သစ်-နတ်မောက်လမ်းပေါ် မိုင်တိုင်အမှတ်(၂၁/၃)နှင့် (၂၁/၄)ကြားရှိ ရွှေပန်းပင်ချောင်းတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၃)က ဒီဇင်ဘာ ၂၅ရက်နေ့မှစ၍ တည်ဆောက်လျက်ရှိသလို အခြား တံတားသုံးစင်းကိုလည်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။

           ဆောင်းရာသီ ယာယီလမ်းခွဲများဖြင့် တံတားတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၉ အောက်တိုဘာ ၃၀ ရက်တွင် တံတားများ ပြီးစီးမည်ဖြစ်ကြောင်း၊ ရွှေပန်းပင်ချောင်းတံတားတည်ဆောက်မှုတွင် ယခင်သံဘေလီတံတားကို လမ်းလွှဲတံတားအဖြစ် အသုံးပြုပြီး သံဘေလီတံတား၏ အရှေ့ဘက်ကပ်လျက်တွင် တံတားအသစ်တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တံတားဦးစီးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းနောင်ထံမှ သိရသည်။

           ရွှေပန်းပင်ချောင်းတံတားသည် သံကူကွန်ကရစ်အမျိုးအစားတံတား ဖြစ်ကာ အရှည်ပေ ၁၈၀၊ ကားလမ်းအကျယ် ၂၄ ပေ နှင့် လူသွားလမ်းအကျယ် တစ်ဖက်လျင် သုံးပေ ရှိမည်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း မကွေးမြို့နယ်အတွင်း နေပြည်တော်-ကံပြား-မကွေးလမ်းပေါ်ရှိ လိပ်ကန်းရေကျော်၊ သံပုရာကွင်းရေကျော်နှင့် မြို့သစ်မြို့နယ်အတွင်းရှိ ခရမ်းခင်းရေကျော်တံတားများကို တံတားဦးစီးဌာန တံတား အဖွဲ့(၃)(ပခုက္ကူ) အနေဖြင့် တာဝန်ယူ၍ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

Source: Myanmar Light

Region Read 66 times