လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမစ္စတာဟုန်လျန်အား ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ် - မြန်မာစီးပွားရေးစင်္ကြံအကောင်အထည်ဖော်ရေးဆိုင်ရာ Master Plan ကို လက်မှတ်ရေးထိုးပြီးဖြစ်၍ အတော်အသင့်အခြေခိုင်နေပြီဖြစ်ရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်ဆံရေးမှာလည်း တစ်နေ့ ထက်တစ်နေ့ အဓွန့်ရှည်တည်တံ့လာပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။
သံအမတ်ကြီးက အနာဂတ်တွင် တရုတ် - မြန်မာနှစ်နိုင်ငံအကြားဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာစီးပွားရေး စကြံအကောင်အထည်ဖော်ရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍသည်အရေးကြီး ပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် လျှပ်စစ်နှင့် စွမ်းအင်စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးကဏ္ဍများ၊ ရေအားလျှပ်စစ်နှင့်ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍများ တွင်လည်း ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး မိမိတတ်အားသရွေ့ အားပေးကူညီသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
Source: Myanma Alinn