၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး လျှပ်စစ်မီးလင်းရေးစီမံကိန်းကို နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေးကို ဆောင်ရွက်လျက်ရှိသည့်နည်းတူ ကိုကိုးကျွန်းမြို့နယ်တွင်လည်း လျှပ်စစ်မီးရရှိရန် နေရောင်ခြည်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်ကို ကျပ်သန်း ၃၀၀၀ ဖြင့် တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်အား စက်တင်ဘာလတွင် စတင်တည်ဆောက်၍ ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကိုကိုးကျွန်းမြို့နယ်မှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစက်ကို အောက်တိုဘာလမှာ တည်ဆောက်ပြီးတော့ ဒီဇင်ဘာလမှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။ ဆိုလာစနစ်နဲ့ မီးလင်းနိုင်ရေးလုပ်ငန်းစီမံချက်ကို ဆောင်ရွက်ထားတာပါ။ လျှပ်စစ်မီးရရှိပြီဆိုရင် ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မြို့နယ်ရဲ့ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍ လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ပါပြီ။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ထဲက ကျပ်သန်း ၃၀၀၀ နဲ့ တင်ဒါစိစစ်ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အပြီး လျှပ်စစ်မီးရရှိဖို့ ခန့်မှန်းထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောသည်။
ရန်ကုန်မြို့မှ ကိုကိုးကျွန်းမြို့နယ်သို့ ခရီးသွားလာနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ သင်္ဘာငှားရမ်း၍ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဆောင်ရွက်ပေးလျက်ရှိပြီး နေရောင်ခြည်သုံး ဆိုလာဟိုက်ဒရောလစ် ဓာတ်အားပေးစနစ်ကို တည်ဆောက်ပြီးစီးပါက လျှပ်စစ်မီး အချိန်ပြည့် အသုံးပြုနိုင်ပြီဖြစ်သောကြောင့် ကိုကိုးကျွန်းတွင် အပန်းဖြေစခန်းများ တည်ဆောက်ရန် လျာထားလျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေရရှိစေသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သော အုန်းချိုမွှေးဟုခေါ်သည့် စီးပွားဖြစ် အုန်းပင်ပုမှ အုန်းသီးစိုက်ပျိုးရေး စီမံကိန်းကိုလည်း ဆက်လက်ဖော်ဆောင်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးအနေဖြင့် ဘတ်ဂျက်ထည့်သွင်း၍ လျာထားဆောင်ရွက်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ သိရသည်။