ဂျပန်နိုင်ငံ၏ အကူအညီဖြင့် သန်လျင်-သီလဝါလမ်းမကြီးအား အဆင့်မြှင့်တင်မှုများ ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၉ ခုနှစ်မကုန်မီ ပြီးစီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
''၂ဝ၁၉ နှစ် မကုန်ခင်လုပ်ငန်းတွေ ပြီးစီးပါမယ်။ အခုလည်း တော်တော်များများပြီးနေပါပြီ။ အသေးစိတ်ကို ကျွန်တော်တို့ရဲ့ Facebook Page နဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်လို့ရပါတယ်''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
သန်လျင်-သီလဝါလမ်းကို မိုးကုန်သည့်အချိန်တွင် အပြီးဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောကြားထားသော်လည်း အရည်အသွေးမမီသည့်နေရာများကို ပြန်လည် ပြုပြင်နေရသောကြောင့် သတ်မှတ်ချိန်အတွင်း မပြီးစီးနိုင်သေးခြင်းဖြစ်ကြောင်း သန်လျင်မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောသည်။
''ပြီးတာတော့ တော်တော်ပြီးနေပါပြီ။ တချို့နေရာလေးတွေမှာ မကြိုက်လို့ ပြန်ပြင်နေတာတွေ တွေ့ရပါတယ်။ ဆောက်လုပ်ရေးဒုဝန်ကြီးက မိုးမကုန်ခင် အပြီးဆောင်ရွက်ဖို့ပြောထားတာ ရှိပါတယ်။ အရည်အသွေးကို ဂရုစိုက်တဲ့အတွက် နည်းနည်းကြာနေတာလို့ ထင်ပါ တယ်''ဟု ၎င်းက ပြောသည်။
သန်လျင်- သီလဝါလမ်းမကြီးကို JICA ODA Loan(ချေးငွေ) ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး Main Contractor အဖြစ် Tekken Corporation၊ Consultant အဖြစ် Nippon Koei Co.,Ltd နှင့် ဆပ်ကန်ထရိုက်တာ အဖြစ် Max Myanmar Construction က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။
လမ်းအရှည်မှာ ၅ မိုင် ၄ ဖာလုံ၊ ယာဉ်သွားလမ်းအကျယ် ၄၆ ပေ၊ ၄ လမ်းသွားနှင့် လမ်းပခုံး (၂)ဘက် အကျယ် (၆ ဒသမ ၆) ပေ၊ လမ်းဘေးဝဲ/ယာတွင် ရေမြောင်းနှင့် Cable Line ထည့်မည့် Box အကျယ်(၂)ဘက် ၂၆ ပေ ပါရှိသည့် နိုင်ငံတကာစံနှုန်းမီ လမ်းတစ်လမ်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
သန်လျင်-သီလဝါလမ်းသည် စီးပွားရေးမြို့တော် ရန်ကုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်ကို ဆက်သွယ်ထား သော အဓိကလမ်းမကြီးဖြစ်သည်။