ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် စီမံကိန်း ၇၉ ခုကို ယုခနှစ်အတွင်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် ပြန်ကြားရေးဝန်ကြီးဌာန၏ တွေ့ဆုံမေးမြန်းချက်တွင် ဖော်ပြထားသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပန်းသဉ္ဇာမျိုးသည် အဆိုပါစီမံကိန်းပေါင်း ၇၉ ခုအနက် စက်မှုဇုန်အသစ်များဖော်ဆောင်ခြင်း၊ စက်မှုဇုန်အဟောင်းများအဆင့်မြှင့်တင်ခြင်း၊ လူငယ်များဆန်းသစ်တီထွင်မှုများဆောင်ရွက်နိုင်ရန် Yangon Innovation Center ဖွင့်လှစ်ခြင်းများကို တာဝန်ယူဆောင်ရွက်နေကြောင်းသိရသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၉ ခုနှစ်အတွင်းအကောင်အထည်ဖော်မယ့် project ပေါင်း ၇၉ ခုရှိတယ်။ အဲ့ဒါတွေကို ပြည်ထောင်စုရဲ့ Project Bank ထဲမှာ စာရင်းပေးသွင်းထားတယ်။ စာရင်းပေးသွင်းထားတဲ့အထဲမှာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာပြင်ပ ၁၂ မြို့နယ်မှာ ကိုကိုးကျွန်းမပါဘဲ ကျန်တဲ့ ၁၁ မြို့နယ်ကို စက်မှုဇုန်အသစ်လေးတွေဖော်ဆောင်သွားဖို့ရှိတယ်။စက်မှုဇုန်အသစ်တွေကို ဖော်ဆောင်သလို စက်မှုဇုန်အဟောင်းတွေကိုလည်း အဆင့်မြှင့်တင်မှာဖြစ်ပါတယ်။
စက်မှုဇုန်အဟောင်းတွေကို အဆင့်မြှင့်တင်ဖို့ဆိုရင် လက်ရှိဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းတွေ၊ တံတားတွေစတဲ့ အခြေခံ အဆောက်အအုံတွေကို စီမံခန့်ခွဲတာရှိတယ်။အဲဒါတွေကို ပြီးခဲ့တဲ့တစ်လကျော်လောက်ကမှ ဆောက်လုပ်ရေးဝန်ကြီးဌာန အိုးအိမ်ဌာနကနေ ရန်ကုန်တိုင်းဒေသကြီးရဲ့ လုပ်ပိုင်ခွင့်အဖြစ်လွှဲအပ်ဖို့ စီစဉ်ဆောာင်ရွက်နေပြီဖြစ်ပါတယ်”ဟု ဝန်ကြီးနော်ပန်းသဉ္ဇာမျိုးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်ရမှသာလျှင် စက်မှုဇုန် ၂၉ ဇုန်လုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆင့်မြှင့်တင်ခွင့်ရရှိမည်ဖြစ်ပြီး ဇုန်အသစ်များဖော်ထုတ်သကဲ့သို့ ဇုန်အဟောင်းများကိုလည်း ပြင်ဆင်ရန်အတွက် မြေရာကိစ္စ၊ စက်မှုဇုန်အတွင်းရှိလမ်းများ ပြင်ဆင်ခွင့်ရရှိရေးကိစ္စတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ရရှိစေရန် လွှဲပြောင်းမည့်လုပ်ငန်းစဉ်များ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
“ တိုင်းဒေသကြီးအစိုးရအောက်ရောက်လာရင် မူရင်းရှိပြီးသား စက်မှုဇုန်တွေကိုမြှင့်တင်မယ်။ စက်မှုဇုန်အသစ်တွေအနေနဲ့ကတော့ စည်ပင်သာယာပြင်ပမှာရှိတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ ဧက ၁၀၀၀ ရှိတဲံ စက်မှုဇုန်အသစ်တွေ ဖော်ဆောင်မယ်။ ဒါဆို စက်မှုဇုန်အသစ် ၁၁ ဇုန်ထပ်ပေါ်လာမယ်။ အဲဒီ ၁၁ ဇုန်ထဲမှာမှ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားတဲ့ ဇုန်နှစ်ခုပါရှိတယ်။ အဲဒါက ထန်းတပင်စက်မှုဇုန်နဲ့ လှည်းကူးစက်မှုဇုန်ဖြစ်ပါတယ်။
အဲဒီစက်မှုဇုန်နှစ်ခုအကောင်အထည်ဖော်မယ့်အကြောင်းကို တိုင်းဒေသကြီးလွှတ်တော်ကိုရှင်းပြထားပြီး ဖြစ်သလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်( MIC) ကိုလည်း တင်ပြဖို့စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။အဲဒီထန်းတပင်နှင့် လှည်းကူးစက်မှုဇုန်နှစ်ခုကို များအကြာမီ ခြောက်လအတွင်း အကောင်အထည်ဖော်နိုင်ဖို့အတွက် တိုင်းဒေသကြိးအစိုးရအဖွဲ့က ကြိုးပမ်းလျှက်ရှိပါတယ်။ Invest Myanmar 2019 Project ထဲမှာပါမယ်”ဟုဝန်ကြီးကဆိုသည်။
ယခုနှစ်အတွင်း ထန်းတပင်နှင့်လှည်းကူးစက်မှုဇုန်နှစ်ခုကို အဓိကဦးစားပေးအကောင်အထည်ဖော်မည်ဖြစ်ပြီး ဇုန်တစ်ခုစီတိုင်းကို အကောင်အထည်ဖော်ရန် ၉ နှစ်ကြာမြင့်မည်ဖြစ်ကြောင်း Project ပေါင်း ၇၉ ခုထဲတွင် မိမိအနေဖြင့် Project ၁၁ ဇုန်ကို ကိုင်တါယ်ရမည်ဖြစ်၍ ဒေသခံများသဘောတူညီမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးကပြောကြားထားသည်။
“ထန်းတပင် Phase ကိုနှစ်ပိုင်းပိုင်းထားပြီး လှည်းကူးဆိုရင်တော့ Phase ကိုသုံးခုလောက်ခွဲထားပါတယ်။ တစ်ပိုင်းချင်းစီအကောင်အထည်ဖော်တဲ့ စပ်ကြားမှာ ဥပမာ ဧက ၁၅၀၀ အကောင်အထည်ဖော်မယ့်ဇုန်တစ်ခုဆိုရင် ဧက ၁၅၀၀ လုံးတစ်ပြိုင်တည်း တည်ဆောက်လို့မရဘူး။ ဧက ၅၀၀ ကိုပဲ စတင်တည်ဆောက်မယ်ဆိုရင် အဲ့ဒီဧက ၅၀၀ မှာရှိတဲ့ ဒေသပြည်သူလူထု အကျိုးစီးပွားအတွက် သူတို့ရဲ့ မြေပေါ်မှာ ရင်းနှီးမြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူကို ကျွန်မတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ခေါ်လာပေးခြင်းပဲဖြစ်ပါတယ်” ဟုယင်းကဆိုသည်။
အစိုးရအနေဖြင့် စီမံကိန်းများဖော်ဆောင်ရန်မှာ အဆိုပါဒေသဖွံ့ဖြိုးရန်အတွက် ဦးတည်ဖြင်းဖြစ်ပြီး ဒေသခံများအလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ နိုင်ငံ၏ ထုတ်ကုန်(Export) တိုးမြှင့်စေရန်လည်းဖြစ်ကြောင်း၊ ယင်းကြောင့် ထန်းတပင်မြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူလူထုအားရှင်းပြမည်ဖြစ်ကြောင်း သိရသည်။