ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့၏ အဓိက အချက်အချာကျသည့် ရန်ကုန်-မန္တလေးကားလမ်းမကြီး ငလိုက်ချောင်းကူး မူရင်းတံတားသည် နှစ်ကာလအတန်ကြာမြင့်သည့်အတွက် ယခုအခါ အဆိုပါ မူလတံတား၏ အနောက်ဘက်တွင် လေးလမ်းသွား ကွန်ကရစ် တံတားအသစ် တည်ဆောက်လျက် ရှိသည်။
ယခု အသစ်တည်ဆောက်လျက်ရှိသည့် တံတားသစ်မြေနေရာကို ဧပြီ ၁ ရက်မှ စတင်ကာ ပန္နက်ရိုက်၍တည်ဆောက်လျက်ရှိရာ ၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ယခုတံတားသစ်ကို သံကူကွန် ကရစ်နဲ့ ဧပြီ ၁ ရက်က စတင်တည်ဆောက်လျက်ရှိပါတယ်။ တံတားအရှည် အလျား ၃၄၅ ပေ၊ အကျယ် ၆၂ ပေ ၄ လက်မဖြစ်ပြီး တံတားရဲ့ တစ်ဖက်တစ်ချက်စီမှာ ခြောက်ပေအကျယ် လူသွားလမ်း နှစ်လမ်းပါရှိပါ မယ်။ တည်ဆောက်ရေးလုပ်ငန်း ခွင်မှာ ကရိန်းတန် ၄ဝ တစ်စီး၊ တန် ၇ဝ တစ်စီး၊ ဘက်ဟိုး တစ်စီးတို့နဲ့ တည်ဆောက်လျက်ရှိပြီး ပထမအဆင့်တံတား အသစ်ကို နှစ်လမ်းသွားပြီးစီးအောင် တည်ဆောက်ပြီးစီးတာနဲ့ မူလတံတားအဟောင်းကို ဖျက်ပစ်မှာဖြစ်ပါတယ်”ဟု တံတား တည်ဆောက်ရေးစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ယခုတည်ဆောက်လျက်ရှိသော တံတားကို ပျဉ်းမနားမြို့ “စိုး” လျှပ်စစ်ဖောင်ဒေးရှင်းမှ နိုင်ငံတော်သို့ ငွေကျပ်သိန်းပေါင်းနှစ်သောင်းခွဲ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ကာ ရွှေတောင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။