မြန်မာနိုင်ငံမှာ အိမ်ရာဖွံ့ဖြိုး ရေးလုပ်ငန်းကို ၁၉၅၁ ခုနှစ်မှ စပြီး ဥပဒေနဲ့အညီ အစိုးရအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းတည်ထောင်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ယနေ့ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးရေးမှာ စံပြုရမယ့် စင်ကာပူ နိုင်ငံထက် ဆယ်စုနှစ်တစ်စုကျော် တာထွက်စောပြီး ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စင်ကာပူဟာ ၁၉၆၈ ခုနှစ်မှာ CPF (Central Provident Fund)ကို ပြည်သူ့အိမ်ရာဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအမြစ် တစ်ခုအဖြစ်ကျယ်ပြန့်စွာ အသုံးပြုနိုင်ခဲ့တာကြောင့် အိမ်ရာကဏ္ဍမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ ကြောင်း တွေ့ရှိရပါတယ်။
အလားတူ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လည်း ၁၉၅၈ ခုနှစ်ကတည်းက အစိုးရအိမ်ရာဘဏ် (Govern-ment Housing Bank - GHB)ကို ထူထောင်ဆောင်ရွက်နိုင်ခဲ့ ကြောင်း တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာတော့ အိမ်ရာကဏ္ဍအတွက် အစိုးရဘတ်ဂျက်ကိုသာအားပြုခဲ့ကြောင်းနဲ့ အိမ်ရာကဏ္ဍ ငွေကြေးစနစ်ကို ဖော်ဆောင်ပေးမယ့် ငွေကြေးအဖွဲ့အစည်းတစ်ရပ် စနစ်တကျထူထောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိနိုင်ပါတယ်။ " လှည့်ပတ်ရန်ပုံငွေ " (Revolving Fund) တစ်ရပ်ကို တပ်မတော်အစိုးရလက်ထက်မှာ စတင်ပြီး ထူထောင်ဆောင်ရွက်နိုင်ခဲ့လို့ အသက်ရှူပေါက်ချောင်ခဲ့ပေမယ့် ရေရှည်မှာ အထက်ပါ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဝင် ငွေနည်းပြည်သူတို့အတွက် အိမ်ရာဖွံ့ဖြိုးရေးဟာ ထင်သလောက် မတိုးတက်ခဲ့ပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက်၂၀၁၄ ခုနှစ်မှာ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (Construction and Housing Development Bank- CHDB)ကို စတင်ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါတယ်။
ရာနှုန်းပြည့် အစိုးရဘဏ် ဖြစ်သင့်ပေမယ့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းပြီး Semi-Govt ဘဏ် အဖြစ် ပေါ်ပေါက်လာခဲ့တာပါ။
CHDB ဘဏ် ကို ထူထောင်ပြီးနောက် "ချေးငွေအစ ရွှေလင်ဗန်းက" ဆိုသလို ၂၀၁၅ခုနှစ်မှာ ရန်ကုန်မြို့ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာမှ စတင်ပြီး ဝယ်ယူသူများကို ချေးငွေစတင် ထုတ်ပေးခဲ့တာပါ။
နောင် ရန်ကုန်မြို့သာမက အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် များရှိ တန်ဖိုးနည်းနဲ့ တန်ဖိုးသင့် အိမ်ရာများအတွက်ပါ ချေးငွေထုတ်ချေးနိုင်ခဲ့ကြောင်း တွေ့ရှိရပြန်ပါတယ်။ ချေးငွေပေးဆပ်ရာ မှာ အိမ်တန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်း ကို တစ်လုံးတည်းပေးသွင်းရန်၊ ကျန်ငွေကို ထုတ်ချေးပြီး အတိုး နှုန်း ၁၂ ရာခိုင်နှုန်း ပေးသွင်းရန်နဲ့ ပြန်ဆပ်ကာလ ရှစ်နှစ်အတွင်း ပေးဆပ်ရန် စတဲ့အချက်သုံးချက် ကို သတ်မှတ်ထားရှိတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ပြန်ဆပ်ကာလကို ရှစ်နှစ်မှ ၁၀ နှစ်အထိ တိုးမြှင့်ပြီး ၂၀၁၇ ခုနှစ်မှာ ၁၀ နှစ် မှ ၁၅ နှစ်အထိ တိုးမြှင့်ပေးကြောင်း သိရှိရပါတယ်။
၂၀၁၈ ခုနှစ်မှာ ဘဏ်အမည်ကိုလည်း ဆောက်လုပ်ရေးအိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ဆိုပြီး ပြောင်းလဲခဲ့တာ တွေ့ရှိရပါတယ်။ အခြေခံအဆောက်အအုံလုပ်ငန်းများပါ ချေးငွေမှာ အကျုံးဝင်လာစေဖို့ ပြောင်းလဲခဲ့တာပါ။
အိမ်ရာဘဏ္ဍာငွေကြေး စနစ်ဆိုတာ ငွေချေးလိုသူတို့ကို မိမိတို့ တတ်နိုင်သမျှ စုဆောင်းလို သူများဖြစ်အောင် ဦးစွာဖန်တီး ပေးရမယ့်စနစ်လည်းဖြစ်တဲ့အတွက် ၂၀၁၇ ခုနှစ်မှာပဲ ငွေစုဘဏ်စာရင်းဖွင့်ပြီး စုဆောင်းငွေ သိန်း ၃၀ ရှိသူများကိုသာ ချေးငွေ နဲ့ အိမ်ရာဝယ်ယူခွင့်ပြုရေးဆိုတဲ့ မူ စတင်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခုအခါ အဆိုပါစနစ်မှာ အထိုက်အလျောက် အောင်မြင်မှုများ ရရှိနေကြောင်း လည်း သိရှိရပါတယ်။
ယခု ထပ်မံပြီး ချေး ငွေအတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချ ခြင်းနဲ့ ချေးငွေပေးဆပ်ရမည့် ကာလကို နှစ် ၃၀ အထိ တိုးမြှင့် ခြင်းကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်ပြီး အကောင်အထည်ဖော် မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ယခုအချိန်မှစပြီး ဝင်ငွေနည်းပြည်သူတစ်ဦးဟာ တန်ဖိုးနည်းအိမ်ရာကို ဝယ်ယူကြမယ်ဆိုရင် သက်ဆိုင်ရာတိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနကို တိုက်ရိုက်ဆက်သွယ်ပြီး ဝယ်ယူ နိုင်ကြောင်း သတ်မှတ်လိုက်ပါပြီ။
မြန်မာနိုင်ငံမှာ အိမ်ရာဖွံ့ဖြိုးရေး အဖွဲ့အစည်းနဲ့ အိမ်ရာဘဏ္ဍာငွေကြေး အဖွဲ့အစည်းဟာ သူများ နိုင်ငံတွေလို တစ်ပြိုင်တည်း မွေးဖွားလာတာမဟုတ်ပါဘူး။ အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့အစည်း ပေါ် ပေါက်ပြီး နှစ်ပေါင်း ၆၀ ကျော်နောက်ကျမွေးဖွားလာတဲ့ အိမ်ရာ ဘဏ်ကို အောင်မြင်မှုများစွာ ရရှိဖို့အလားအလာကောင်းတွေ ရှိနေပြီပဲဖြစ်ပါတယ်။