ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင်မီးရထားရုံးဟောင်းမြေပေါ်ရှိ စီမံကိန်းကြီးပြီးစီးပါက ၁ စတုရန်းမီတာ လျှင် ၁၈ ဒေါ်လာနှုန်းဖြင့် အဆောက်အဦ အထပ်အရေအတွက်အလိုက် မြန်မာ့မီးရထားက နှစ်စဉ်ရရှိမည်ဖြစ်သည်။
လက်ရှိ တည်ဆောက်ဆဲအချိန်တွင် မြန်မာ့မီးရထားက အဆိုပါစီမံကိန်းအတွက် တနှစ်မြေ ငှားရမ်းခ ၁ စတုရန်းမီတာလျှင် ၂၄ ဒေါ်လာရရှိနေပြီး စီမံကိန်းတခုလုံးပြီးစီး သွားပါက Net Lettable Area (ဆောက် လုပ်ခွင့်ပြုသည့် ဧရိယာ) အလိုက် နှစ်စဉ် ၁ စတုရန်း မီတာလျှင် ၁၈ ဒေါ်လာရရှိ မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း (၇)မှ တာဝန်ရှိသူတဦးက ပြောသည်။
စီမံကိန်းဧရိယာမှာ (၃၉၅၇၇) စတုရန်းမီတာကျယ်ဝန်းပြီး Yangon Peninsula ဟိုတယ်နှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းဟူ၍ စီမံကိန်း ၂ ပိုင်းခွဲခြားကာ FMI Yoma Strategic Holdings ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ The International Finance Corporation (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
Yangon Peninsula ဟိုတယ်တည်ဆောက်မည့် မီးရထားရုံးချုပ်ဟောင်းနေရာသည် ၁၃၄၈၈ စတုရန်းမီတာ ကျယ်ဝန်းပြီး ထိုနေရာတွင် အဆင့်မြင့် အခန်းပေါင်း ၈၈ ခန်းပါ Peninsula Hotel အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ယင်းဟိုတယ်တွင် မင်္ဂလာခန်းမအပါအဝင် မြန်မာ့မီးရထား၏ သမိုင်းဝင် အချက်အလက်များကို ပြတိုက်အဖြစ် ပြသမည့်အစီအစဉ်များ၊ ကားစီးရေ ၁၃ဝဝ ရပ်နားနိုင်သော ကားပါကင်တို့ပါဝင်မည် ဖြစ်သည်။
ကျန်ရှိသည့် ၂၅၆၈၉ စတုရန်းမီတာအကျယ်အဝန်းနေရာကို Yangon Peninsula ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်အဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် Office Tower နှစ်ခု၊ Peninsula အမှတ်တံဆိပ် အဆင့်မြင့်ဇိမ်ခံလူနေအိမ်များ၊ စီးပွားရေးလုပ်ငန်း၊ ဟိုတယ်တလုံး၊ ဝန်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများပါဝင်သည့် စုပေါင်းအိမ်ရာတခုပါဝင်မည်ဖြစ်ပြီး ယင်းအဆောက်အဦများကို ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်တည်ဆောက်မည်ဖြစ်သည်။
အဆိုပါစီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော် ရင်းနှီးမြှုပ်နံှကာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလကို ၄၈ လသတ်မှတ်ထားကာ ၂ဝ၂၂ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။