ကျွန်းသေးသေးလေးပေါ်က အိမ်လေး


23 November, 2020

လူတွေဟာ တစ်ခါတစ်လေမှာ လူတွေနဲ့ဝေးရာကနေ ထွက်ပြေးပြီး ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်းနေချင်စိတ်တွေဖြစ်မိတတ်ကြသည်။

ဒါကြောင့်လည်း ကမ္ဘာပေါ်က လူချမ်းသာတွေ ၊ ကမ္ဘာကျော်တွေဟာ ဒီလိုစိတ်ပေါ်လာတဲ့အခါ အပန်းဖြေဖို့အတွက် ကိုယ်ပိုင်ကျွန်းတွေဝယ်ထားကြခြင်းဖြစ်သည်။

ဒေးဗစ်ဘက်ခမ်းနှင့် တိုက်တန်းနစ်မင်းသားလီယိုနာဒို တို့ဟာလည်း ကိုယ်ပိုင်ကျွန်းတွေပိုင်ဆိုင်ကြသူများပါ။

ဒါပေမယ့် သူတို့ပိုင်ဆိုင်တဲ့ကျွန်းတွေဟာ အနည်းဆုံးတော့ မိုင်နဲ့ချီပြီး ကျယ်ဝန်းသလို အိမ်တွေအများကြီးဆောက်နိုင်ကာ ၊ သစ်ပင်ပန်းခြံတွေလည်း ပါရှိတဲ့ကျွန်းတွေဖြစ်နေသည်။

ယခုမြင်ရသည့် ကျွန်းလေးကတော့ ကမ္ဘာ့အသေးဆုံးကျွန်းလို့ ဆိုရမှာဖြစ်သည်။

ဘာလို့လဲဆိုတော့ သူဟာ ဂင်းနစ်မှတ်တမ်းဝင်ထားသည့်ကမ္ဘာ့အသေးဆုံးကျွန်းထက်တောင် တစ်ဝက်ငယ်ပါသေးသည်။

တစ်ကျွန်းလုံးရဲ့ အကျယ်ဟာ စတုရန်းပေ ၃၃ဝဝ သာ ရှိသည်။

ဒါပေမယ့် ဒီအကျယ်အဝန်းဟာ အိမ်တစ်လုံးဆောက်ဖို့ နဲ့ သစ်ပင်တစ်ပင်စိုက်ပျိုးဖို့အတွက် လုံလောက်သည်။

တချိန်ကတော့ ဒီကျွန်းဟာ ဒီအတိုင်းပစ်ထားတဲ့ကျွန်းကလေးဖြစ်ပြီး ၁၉၅ဝခုနှစ်မှာတော့ ချမ်းသာကြွယ်ဝသည့် Sizeland မိသားစုက ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ဝယ်ယူပြီးတဲ့နောက်မှာတော့ အိမ်လေးတစ်လုံးဆောက်ပြီး အပင်တစ်ပင်စိုက်ပျိုးထားခဲ့သည်။

ဒီအိမ်လေးမှာ အမြဲနေထိုင်တာမဟုတ်ပဲ အားလပ်ရက်တွေမှာ အပန်းဖြေတဲ့အနေနဲ့သာ လာရောက်လေ့ရှိတာဖြစ်သည်။

အိမ်ထဲမှာတော့ ပစ္စည်းများများစားစား မရှိပဲ ထိုင်ခုံ နဲ့ စားပွဲတွေသာ ရှိသည်ဟု သိရသည်။

ဒီကျွန်းကလေးဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့နဲ့ ကနေဒါနိုင်ငံ Ontari နယ်မြေတို့ကို ပိုင်းခြားထားတဲ့ စိန့်လောရန့်စ်မြစ်ထဲမှာ ရှိနေတာဖြစ်သည်။

မြစ်ထဲမှာ ကျွန်းပေါင်း ၁၈ဝဝကျော်ရှိသည့် အထဲက အသေးဆုံးကျွန်းဖြစ်ပြီး ဒီကျွန်းရဲ့ယခင်နာမည်ကတော့ Hub island ဖြစ်ကာ ဝယ်ယူပြီးသူတွေပြောင်းလိုက်တဲ့နာမည်ကတော့ Just Room Enough ဆိုပြီးဖြစ်သည်။

ပင်လယ်ထဲမှာ မဟုတ်ပဲ မြစ်ကမ်းစပ်နဲ့ သိပ်မဝေးတဲ့နေရာမှာ ရှိတာကြောင့် လှိုင်းထန်ရေကြီးဖို့ အတွက်လည်း မစိုးရိမ်ရပါဘူး။

နှစ်ယောက်တည်း အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေရတာကို ကြိုက်နှစ်သက်တဲ့ စုံတွဲတွေရဲ့ စိတ်ကူးယဉ်ကျွန်းလေးဖြစ်ပါသည်။

ကမ်းခြေအသေးစားလေးတစ်ခုပါရှိပြီး ခြေတစ်လှမ်းလှမ်းရုံနဲ့ ရေထဲရောက်ရှိနိုင်တာကြောင့် One misstep and you’re swimming လို့ မီဒီယာတွေမှာ ဖော်ပြခြင်းခံရတဲ့ ကျွန်းလေးလည်းဖြစ်ပါသည်။

Tips Read 95 times