အာရုံကြောနဲ့ နှလုံးသွေးကြောရာဂါတွေကို အဓိကထား ကုသပေးမယ့် ဆေးရုံသစ်တစ်ခု ရန်ကုန်မြို့မှာ ဆောက်လုပ်ဖို့အတွက် ဂျပန်နိုင်ငံက ကန်ဒေါ်လာ ၇၆.၆ သန်း ထောက်ပံ့ပေးမယ်လို့ သိရပါတယ်။
ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က ထောက်ပံ့ပေးမှာဖြစ်ပြီး New Yangon Specialist Hospital လို့ အမည်ပေးထားတဲ့ သူတို့ရဲ့ စီမံကိန်းကို သောကြာနေ့မှာ တရားဝင် ကြေငြာသွားမယ်လို့ သိရသည်။
၇ ထပ်ရှိမယ့် အဲဒီဆေးရုံကို ရန်ကုန်မြို့လယ်ကောင်က ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်း ဆောက်လုပ်မှာ ဖြစ်ပါတယ်။
“ဒီ စီမံကိန်းက မြန်မာနိုင်ငံမှာ ဦးနှောက်နဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေအတွက် လူနာဗဟိုပြု ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး၊ အတွင်းလူနာ၊ ပြင်ပလူနာတွေကို ပိုမိုကုသပေးနိုင်ကာ၊ ဆေးကုသမှု၊ ခွဲစိပ်မှုတွေအတွက် အချိန် စောင့်ဆိုင်းရမှုကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်”
လို့ JICA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံသစ်မှာ စာသင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ပါဝင်မှာဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးက အာရုံကြောဌာန၊ နှလုံးဌာန၊ နှလုံးသွေးကြောဌာနနဲ့ အာရုံကြောဆေးဘက်ဆိုင်ရာဌာနတို့ကို ဆေးရုံသစ်ဆီ ပြောင်းရွှေ့သွားမှာ ဖြစ်ပါတယ်။
မြန်မာအစိုးရဟာ ဒီဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ပံ့ပိုးပေးဖို့ သဘောတူထားတယ်လို့လည်း JICA က ပြောပါတယ်။
ဆေးရုံသစ်ဒီဇိုင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လက်ရှိမှာ ရေးဆွဲနေပြီး လာမယ့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ဆောက်လုပ်ရေးလုပ်ငန်ကို စတင်ဖို့ မျှော်မှန်းထားပါတယ်။