ပုဂ္ဂလိကပိုင်တိုက်ခန်းဆိုတာကတော့ ဂရန်အမည်ပေါက် ဒါမှမဟုတ် ဘိုးဘွားပိုင်မြေကွက်ပေါ်မှာ မြေပိုင်ရှင်က သူ့ပိုင်ငွေနဲ့သူ ဆောက်လုပ်တာရှိတယ်။
ဒါမှမဟုတ် ကန်ထရိုက်တာနဲ့အခန်းပေး၊ အခန်းယူဆောက်လုပ်သည့် တိုက်ခန်းဆိုပြီး နှစ်မျိုးရှိတယ်။
အဲဒီလိုမျိုး ပုဂ္ဂလိကပိုင်တိုက်ခန်းကို ဝယ်ရင်တော့ ၁၉၆၀ပြည့်နှစ် မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေအရ မြေပိုင်ရှင်ကို အိမ်လခပေးရတယ်။ အိမ်ကအခန်းဝယ်တယ်ဆိုပေမယ့် နေထိုင်ခွင့်နှင့် ထပ်ဆင့်လွှဲပြောင်းရောင်းချ၊ ငှားရမ်းပိုင်ခွင့်ရှိသောအိမ်ငှား (TANANT) ဖြစ်တယ်လေ။
ပုဂ္ဂလိကပိုင်တိုက်ခန်းဆိုပေမယ့် အိုးအိမ်ဦးစီးဌာနမှ ပုဂ္ဂလိကသို့ အပြီးအပြတ်ရောင်းသောအခန်းများလည်းရှိတယ်။ ဥပမာ-ယုဇနဥယျာဉ်မြို့တော်က တိုက်ခန်းတွေဟာ ပုဂ္ဂလိကပိုင်ဆိုင်ပေမယ့် အိုးအိမ်ဦးစီးဌာနတိုက်ခန်းတွေနဲ့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ပိုင်တဲ့ တိုက်ခန်းတွေလည်းပါရှိနေတယ်လို့ သိရတယ်။
အဲဒီလို အိုးအိမ်နဲ့စည်ပင်က တဆင့် ပြန်ဝယ်တဲ့ တိုက်ခန်းတွေဆိုရင် အိမ်လခပေးစရာမလိုဘူး။ မိမိနာမည် ပေါက်ပြောင်းချင်ရင်လည်း အဲဒီ ဌာနမှာ သွားပြီးလျှောက်လို့ရတယ်လို့သိရတယ်။