ဩစတေးလျသားနဲ့ ဂျပန်သူ လင်မယားက လူမနေတော့ဘဲ စွန့်ပစ်ထားတဲ့ ယာတောအိမ်တစ်လုံးကို အမေရိကန်ဒေါ်လာ သုံးသောင်းနဲ့ ၂၀၁၉ ခုနှစ်မှာ ဝယ်ယူလိုက်ပြီး နှစ်နှစ်တိုင်တိုင် မွမ်းမံပြင်ဆင်ခဲ့ကြတယ်။ သူတို့ စိတ်ကူးအိပ်မက်ထဲမှ ယာတောအိမ်ကလေး အဖြစ်သို့ ပြောင်းလဲပေးလိုက်ကြတယ်။
နေသာတဲ့နေ့တစ်နေ့ အိမ်ရှေ့မှာ မိသားစု ထွက်ထိုင်ရင်း အမှတ်တရ ရိုက်ထားတဲ့ ဓာတ်ပုံ
ရိုးရာ ယာတောအိမ်ကို ပြုပြင်မွမ်းမံတာအတွက် ကုန်ကျစရိတ် အကြမ်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ဝန်းကျင် ကုန်ခဲ့ကြတယ်။
မီးဖိုချောင်၊ ရေချိုးခန်း အိမ်သာတို့ကို လုံးဝအသစ်ပြောင်းလဲလိုက်ကြတယ်။ ကြမ်းခင်းတွေ အသစ်လဲရတယ်။ လျှပ်စစ်ဝါယာကြိုးတွေကိုလည်း အသစ် လဲပြီး ပြန်သွယ်တန်းခဲ့ကြတယ်။ ရေပိုက်လိုင်းတွေလည်း အသစ် လဲပြီး ပြန်သွယ်တန်းခဲ့ကြတယ်။
Jaya Thursfield နဲ့ သူ့ဇနီး Chihiro တို့မှာ သားနှစ်ယောက်ဖြစ်တဲ့ Anton နဲ့ Marco တို့နဲ့အတူ မိသားစုနေထိုင်ဖို့ ယာတောအိမ်ကို ပြုပြင်မွမ်းမံခဲ့ကြတာ ဖြစ်ပါတယ်။ ပြည့်စုံအောင် ပြောရရင် အိမ်မှာ မွေးထားတဲ့ ကြောင်တွေလည်း အတူနေကြတယ်။
လင်မယားနှစ်ယောက်စလုံး အလုပ်ကိုယ်စီ ရှိကြပြီး အိုင်တီနယ်ပယ်မှာ လုပ်ကိုင်ကြတယ်။ သူတို့က ၂၀၁၇ ခုနှစ်မှာ လန်ဒန်မြို့မှ တိုကျိုမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်။ သူတို့ အခြေချ နေထိုင်ဖို့ အိမ် လိုက်ရှာကြတယ်။
Jaya Thursfield က ခြံဝင်းကျယ်ကျယ်ပါတဲ့ အိမ်မျိုးကို လိုချင်တယ်။ ခြံထဲ အသားကင်စားတဲ့ပွဲလေးတွေ လုပ်ချင်တယ်။ ပြီးတော့ သူက ဟင်းသီးဟင်းရွက် စိုက်ခင်းလည်း စိုက်ချင်တယ်။ ယခုအခါ အသက် ၁၀ နှစ် ရှိပြီဖြစ်တဲ့ သူတို့ရဲ့ အမြွှာသားနှစ်ယောက် ဖြစ်တဲ့ Anton နဲ့ Marco တို့ ခြံထဲမှာ ဆော့ကစားဖို့ကိုလည်း ထည့်စဉ်းစားကြတယ်။
“Akiya လို့ ခေါ်တဲ့ စွန့်ပစ်အိမ်အကြောင်း ဆောင်းပါးတစ်ချို့ ဖတ်ဖြစ်တယ်။ အဲဒီလို အိမ်မျိုးကို ဝယ်ရင် ဈေးသက်သာမယ်။ ကျွန်တော်တို့ တတ်နိုင်သမျှနဲ့ လက်လှမ်းမီတယ်။ ခြံဝင်းကျယ်ကျယ်ပါတဲ့ လုံးချင်းအိမ်မျိုးကို ရနိုင်မယ်”
ဂျပန်ကျေးလက်ဒေသတွေမှာ လူမနေတော့ဘဲ စွန့်ပစ်ထားတဲ့အိမ်တွေ ကျေးလက်ဒေသတိုင်းမှာ လိုလို ရှိနေတယ်။ လူမနေတော့တဲ့ အိမ်တွေ ပိုလျှံနေတယ်။ ၂၀၁၈ ခုနှစ်မှာ အိမ်လုံးရေ ၈.၄၉ သန်းအထိ စံချိန်တင် ရှိနေခဲ့တယ်။
လူငယ်မျိုးဆက်သစ်က မြို့တွေပေါ်မှာပဲ နေချင်ကြတယ်။ ဂျပန်မှာ မွေးဖွားနှုန်းကလည်း ထိုးကျနေတာ နှစ်ပေါင်း အတော်ကြာနေပြီ။ ဒီတော့ ယာတောအိမ်တွေမှာ နေမယ့်သူတွေ ရှားပါးလားတယ်။
.
Thursfields ဝယ်လိုက်တဲ့ အိမ်က Ibaraki စီရင်စုမှာ တည်ရှိပြီး မြို့တော် တိုကျိုရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိတယ်။ တိုကျိုမြို့ကနေ ကားမောင်းသွားရင် တစ်နာရီသာသာလောက်ဆို ရောက်တယ်။
Thursfields က ဩစတေးလျမှ ဖြစ်ပြီး Chihiro ရဲ့ ဇာတိက Ibaraki ဖြစ်ပါတယ်။ သူမရဲ့ မိခင်ကလည်း Ibaraki စီရင်စုမှာ နေထိုင်တယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ အိမ်ကို လေလံဆွဲပြီး Thursfields ဝယ်ယူလိုက်တယ်။
အိမ်နောက်ဖေးဘက်အခြမ်း
အဲဒီလို ယာတောအိမ်မျိုးတွေကို minka လို့ ခေါ်ဝေါ်ကြတယ်။ နောက်ဆုံးပိုင်ဆိုင်တဲ့ ပိုင်ရှင် ကွယ်လွန်သွားပြီးတဲ့အခါ နေမယ့်သူ မရှိတော့ဘူး။ အမွေဆက်ခံရတဲ့ မိသားစုဝင်ကလည်း လာမနေဘူး။ ဝယ်မယ့်သူလည်း လွယ်လွယ်နဲ့ မရဘူး။ လူမနေတဲ့ ယာတောအိမ်အလွတ်တွေက အများသား မဟုတ်လား။
“ကျွန်တော်တို့က အိမ်ပုံစံကို ကြိုက်တယ်။ အိမ်ကို ပထမဆုံးအကြိမ် လူကိုယ်တိုင်လာကြည့်တဲ့အခါ ကျွန်တော် အတော်သဘောကျတယ်”
Ibaraki မြို့မှ သက်ဆိုင်ရာရုံးမှာ လေလံဆွဲဖို့ သူတို့လင်မယား စာရင်းသွင်းလိုက်ကြတယ်။ လေလံက အိတ်ပိတ်တင်ဒါ ဖြစ်လို့ တခြားသူတွေက ဘယ်လောက်နဲ့ ကမ်းလှမ်းထားသလဲ သူတို့ မသိရဘူး။ ကြမ်းခင်းဈေး သတ်မှတ်ထားတာကတော့ ဂျပန်ယန်း ၂ ဒသမ ၉ သန်း ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၆,၀၀၀ ခန့် ဖြစ်ပါတယ်။
“ကျွန်တော်တို့ လေလံတော့ အောင်ချင်တယ်။ ဒါပေမဲ့ ပေးတာ အရမ်းများသွားမှာတော့ မလိုလားဘူး။ နည်းသွားလို့ လေလံမအောင်မှာလည်း စိုးတယ်။ တကယ့်ကို ရင်ခုန်ရတယ်”
သူတို့က မယုတ်မလွန့်ဖြစ်အောင် ယန်းသုံးသန်းတိတိနဲ့ တင်လိုက်တယ်။ အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ခန့် ဖြစ်ပါတယ်။ သူတို့ လေလံအောင်သွားတယ်။
အိမ်က ပြင်လိုက်ရင် ကောင်းသွားနိုင်တယ်။ ဖြိုချပြီး အသစ်ပြန်ဆောက်ဖို့ မလိုသေးဘူး။ ဒီတော့ ပြုပြင်မွမ်းမံမယ်လို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။
အိမ်အတွင်းအပြင် မွမ်းမံကြတယ်။ အမေရိကန်ဒေါ်လ၁၅၀,၀၀ ဝန်းကျင် သုံးစွဲတယ်။
တိုကျိုမှ သူတို့ရဲ့ အသိမိတ်ဆွေ ဗိသုကာပညာရှင်တစ်ဦးနဲ့ တိုင်ပင်ပြီး လုပ်ကိုင်တယ်။ လက်သမားကိုတော့ အဖေ လက်သမား သားလက်သမား တို့ကို ငှားရမ်းတယ်။ အိမ်ပြင်နေတဲ့တစ်လျှောက်မှာ သူတို့လင်မယားက အလှမ်းမဝေးတဲ့နေရာမှာ တည်ရှိတဲ့ Chihiro မိခင်အိမ်မှာ တည်းခိုနေထိုင်ခဲ့ကြတယ်။
“ဒီအလုပ်က ကျွန်တော့်အဖို့ လုံးဝအသစ် ဖြစ်နေတယ်။ ဒီတော့ အတော်များများ လေ့လာရတယ်။ ကိုယ်တိုင် ဝင်လုပ်တာတွေလည်း ရှိတယ်။ မလုပ်တတ်တာ မလုပ်နိုင်တာတွေလည်း ရှိတယ်။ အဲဒါတွေကိုတော့ လက်သမားတွေက လုပ်ကိုင်တယ်”
သူတို့ အိမ်ဝယ်လိုက်တဲ့အချိန်မှာ ခြံထဲမှာ အလေ့ကျ ပေါက်နေတဲ့ မြက်ရိုင်းပင်ရှည်အခြောက်တွေ၊ သစ်ရွက်ခြောက်တွေ ရှိနေတယ်။
အရင်အိမ်ပိုင်ရှင်ရဲ့ ပစ္စည်းတွေလည်း အိမ်မှာ ကျန်ခဲ့တယ်။ ကားနှစ်စီး ရှိတယ်။ ထရက်တာ တစ်စီး ရှိတယ်။ ပြီးတော့ ယာခင်းသုံး စက်ပစ္စည်း ကိရိယာ တန်ဆာပလာတွေလည်း ရှိတယ်။ တချို့ဟာတွေက သုံးလို့ရနေသေးတယ်။ ကျန်တာတွေကတော့ မသုံးတာကြာလို့ ပျက်စီးကုန်ပြီ။ ပြန်ရောင်းလို့ ရတာတွေကို ရောင်းပြီး ကျန်တာတွေကို စွန့်ပစ်လိုက်တယ်။
မီးဖိုချောင်အခန်းကို အကုန်လုံး ပြန်ပြင်ဖို့ လိုနေတယ်။ အရင်ဆုံး ရှင်းထုတ်ပစ်ရမယ်။
မီးဖိုချောင်အခန်း
တစ်အိမ်လုံးမှာ မီးဖိုချောင်အခန်း တစ်ခုပဲ အနောက်တိုင်းစတိုင် အခန်း ဖြစ်ပါတယ်။
အခန်းတွေထဲမှာ ပရိဘောဂတွေ၊ အဝတ်အစားတွေ၊ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ရှိနေတယ်။
“အိမ်ပြောင်းသွားတာမျိုး မဟုတ်ဘူး။ နေလက်စအိမ်ကို ပစ်ထားခဲ့တာ။ အကုန်လုံး ထားပစ်ခဲ့တဘ်”
အိမ်ကို ရှင်းလင်းတွေ အမေရိကန်ဒေါ်လာ ၇၀၀ ဖိုး ငွေစက္ကူတွေ တွေ့တယ်။
အခန်းတွေကို ဂျပန်ရိုးရာ ဖျာဖြစ်တဲ့ tatami ခင်းထားတယ်။ အခုအခါ တာတာမီနဲ့ခင်းတာ ခေတ်မရှိတော့ဘူး။ ဘာလို့လဲဆိုတော့ သစ်သားကြမ်းခင်းထက် ဈေပိုကြီးတယ်။ ထိန်းသိမ်းရတာလည်း ပိုခက်ခဲတယ်။
ဧည့်ခန်း
ရေချိုးခန်းအိမ်သာ တစ်ခန်းပဲ ပါတယ်။ ရေချိုးခန်းက အတော်အိုနေပြီ။
ရေချိုးခန်း
ရေပိုက်လိုင်းတွေ ဝါယာကြိုးလိုင်းတွေ အကုန်လုံး အစအဆုံး အသစ်လဲရတယ်။ ပြန်သွယ်တန်းရတယ်။ အိမ်ပြင်စရိတ်မှာ အများဆုံးကုန်ကျတာ ပိုက်လိုင်းနဲ့ ဝါယာလိုင်း ဖြစ်ပါတယ်။
အိမ်ကို engawa လို့ ခေါ်တဲ့ စင်္ကြံနဲ့ ပတ်ထားတယ်။ နံရံတွေကို မှန်ချပ်တွေနဲ့ အလုံကာပေးလိုက်တယ်။
engawa လို့ ခေါ်တဲ့ စင်္ကြံ
နှစ်နှစ်တိုင်တိုင် ပြုပြင်မွမ်းမံပြီးတဲ့နောက် ဒီဇင်ဘာလမှာ Thursfields တို့ ပြောင်းရွှေ့နေထိုင်ကြတယ်။
အိမ်က နေလို့ရတဲ့ အဆင့်ပဲ ရှိသေးတယ်။ အိမ်တွင်းမှာ အလှဆင်ရဦးမယ်။ ပန်းချီကားတွေ ချိတ်တာတို့ ဆေးအရောင်ခြည်သင့်တဲ့နေရာ ဆေးသုတ်တာတို့ လုပ်ရဦးမယ်။ ခြံင်းထဲမှာလည်း ဥယျာဉ်တစ်ခုလို ဖြစ်နေအောင် လုပ်ရဦးမယ်လို့ သူက ပြောပြတယ်။
ပြင်ဆင်မွမ်းမံပြီးတောက် တွေ့မြင်ရပုံများ