အငှားအိမ်ရာများတစ်ဆင့်ပြန်လည်ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချခြင်းများကိုအရေးယူမည်


02 November, 2020

 

မန္တလေးမြို့အနောက်ဘက်ကမ်းနားလမ်းရှိအငှားအိမ်ရာများကိုနေထိုင်ခွင့်ရရှိသူများမှတစ်ဆင့်ပြန်လည် ငှားရမ်းခြင်းနှင့် ပြန်လည်ရောင်းချနေခြင်းများကို စာချုပ်ပါစည်းကမ်းအတိုင်းပြန်လည်သိမ်းဆည်းခြင်း၊ သတ်မှတ်ကာလအတွင်းဖယ်ရှားခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်ဝန်က လွန်ခဲ့သောရက်သတ္တပတ်ကပြောကြားခဲ့ကြောင်းသိရသည်။

လက်ရှိတွင်ကမ်းနားလမ်းရှိအငှားအိမ်ရာများတွင်တိုက်ခန်းငှားရမ်နေထိုင်သူအချို့သည် တိုက်ခန်းငှားရမ်းခြင်း စာချုပ်ကိုလိုက်နာခြင်းမရှိသည်ကိုတွေ့ရှိထားသော်လည်းသက်ဆိုင်ရာများကအရေးယူဆောင်ရွက်မှုမရခြင်းကို အောင်မြေသာစံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ကလွှတ်တော်တွင်မေးမြန်းခဲ့ပြီးမြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ကြောင်းကိုသိရသည်။

အငှားအိမ်ရာငှားရမ်းခြင်းစာချုပ်တွင်လစဉ်ငှားရမ်းခတွေကိုပုံမှန်ပေးသွင်းစေရန်နှင့်တစ်ဆင့်ငှားရမ်းလွှဲပြောင်း ခြင်းမပြုလုပ်ရန်တားမြစ်ချက်များပါကြောင်းသိရပါသည်။

ကြွေးကျန်နေသောလူများအားပြန်လည်သိမ်းယူထားပြီးကြွေးကျန်များအားပြန်လည်တောင်းခံနေကြောင်း၊တစ်ဆင့်ပြန်လည်ငှားရမ်းထားသူများနှင့်ရောင်းချထားသူများကိုအငှားချထားမှုရပ်ဆိုင်းပြီးသတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းများကိုစာချုပ်ပါစည်းကမ်းအတိုင်းဆောင်ရွက်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီကအငှားအိမ်ရာများစစ်ဆေးရာတွင်အခန်းကိုယ်တိုင်ရ၊ကိုယ်တိုင်နေထိုင်သူအခန်း၉၂၀၊လူနေထိုင်ခြင်းမရှိဘဲသော့ခတ်ထားသည့်အခန်း၈၁ခန်း၊လူနေထိုင်သော်လည်းအခန်းသော့ပိတ်ထားသည့်အခန်း၂၈၄ခန်း၊အခန်းလဲနေသူ၁၂၀၊အငှားချထားသည့်အခန်း၁၂၀နှင့်ပြန်လည်ရောင်းချထားသည့်အခန်း၅၉ခန်းကိုစစ်ဆေးတွေ့ရှိထားကြောင်းကိုပြောကြားခဲ့ပါသည်။

ကမ်းနားလမ်းရှိအငှားအိမ်ရာတွင်တစ်ဆင့်အငှားချထားသည့်အခန်းပေါင်း၁၂၀၊ပြန်လည်ရောင်းချထားသည့်အ ခန်းပေါင်း၅၉ခန်းတွေ့ရှိထားပြီးကော်မတီဝင်များဦးဆောင်ပြီးအဖွဲ့ဝင်၁၀ဦးဖြင့်အသေးစိတ်စီစစ်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

အငှားအိမ်ရာကိုဒုဦးစီးမှူးအဖွဲ့ခေါင်းဆောင်ပါ၁၀ဦးနှင့်ရဲတပ်ဖွဲ့ဝင်သုံးဦးစုစုပေါင်း၁၃ဦးဖြင့်စီစစ်ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်းမြို့တော်ဝန်ကပြောကြားကြောင်းသိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင်ယာယီတဲငယ်များဖြင့်အခြေချနေထိုင်သူများကိုရည်ရွယ်ပြီး၂၀၁၅ခုနှစ်အတွင်းတွင်စတင်ပြီး၁၂ခန်းတွဲခြောက်ထပ်ပါတိုက်ခန်းအလုံးပေါင်း၂၂လုံး၊တိုက်ခန်းစုစုပေါင်း၁,၅၈၄ခန်းကိုမြို့တော်စည်ပင်သာယာရေးကော်မတီကတည်ဆောက်ပေးခဲ့ကြောင်းသိရသည်။

ကမ်းနားလမ်းတစ်လျှောက်ရှိဆိပ်ကမ်းမြေ၊ အစိုးရမြေ၊ စည်ပင်သာယာကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနေရာများတွင်ယာယီတဲများဖြင့်နေထိုင်ပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဧည့်စာရင်းတိုင်ကြားထားသည့်အိမ်ထောင်စုဇယားနှင့်အမျိုးသားမှတ်ပုံတင်ရှိသူများကိုမဲစနစ်ဖြင့် ၂ဝ၁၆ ခုနှစ်အတွင်းကငှားရမ်းပေးထားခြင်းဖြစ်ကြောင်းကိုလည်းသိရသည်။

imyanmarhouse

Local Public Housing Read 101 times