ရေအားလျှပ်စစ် အဆင့်မြှင့်ရန် ပြင်သစ်ထံမှ ယူရို၃၅သန်းကျော်ချေးငွေ


11 December, 2019

အစိုးရသည် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီး ငါးရုံကို အလုံးစုံပြုပြင်ခြင်း/အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွ က်ရန် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရို၃၅ဒသမ၇သန်းချေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားသည်။

 ချေးငွေအတွက် ချေးငွေစည်းကမ်းများမှာ ဆိုင်းငံ့ကာလ ၇နှစ်၊ ပြန်ဆပ်ကာလ ၁၃နှစ်ဖြစ်သောကြောင့် ချေးငွေသက်တမ်း နှစ်နှစ်ဆယ်ဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် တွက်ချက်ရရှိသည့်အတိုးနှုန်းမှာ တစ်နှစ်လျှင် ဝဒသမ၆၈ရာခိုင်နှုန်း ခန့်ရှိကြောင်း ချေးငွေအတွက် ထောက်ခံတင်ပြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကပြောသည်။အခြေအနေနှင့်အချိန်အခါအရ ပြောင်းလဲမှုရှိနိုင်ကြောင်း ဆက်လက်ပြောကြားသည်။
 

ချေးငွေဖြင့် ရဲနွယ်၊ မုန်းချောင်း၊ ဇောင်းတူ၊ ကင်းတားနှင့်သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို အ ကြီးစားပြုပြင်အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး စီမံကိန်းကို လက်ရှိ၂၀၁၉ခုနှစ်မှ ၂၀၂၄ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

 
အဆိုပါစီမံကိန်းကိုဆောင်ရွက်ခြင်းဖြင့် ဓာတ်အားပေးစက်ရုံများအား စိတ်ချစွာဖြင့် စက်စွမ်းအားပြည့်မောင်းနှင်နိုင်မည် ဖြစ်ပြီး လက်ရှိတွင် တစ်နှစ်လျှင် ၅၆၅ကီလိုဝပ်နာရီသန်းသာထုတ်လုပ်နိုင်ရာမှ ၆၄၆ကီလိုဝပ်နာရီသန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

 ယင်းစက်ရုံကြီးများတွင် ပြုပြင်သင့်သည့်အကြီးစားပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသောကြောင့် စက်မှုပိုင်းဆိုင်ရာနှင့် လျှပ်စစ်ပိုင်းဆိုင်ရာထိန်းချုပ်စနစ်များတွင် ချို့ယွင်းမှုအချို့ရှိလာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က လွှတ်တော်သို့ရှင်းလင်းပြောကြားသည်။

''ထိုစက်ရုံ ၅ရုံဟာ စက်သက်တမ်းဆယ်နှစ် ကျော်မှ နှစ်၃၀ကျော်အထိ မောင်းနှင်ထားတဲ့စက်တွေဖြစ်ပြီး အကြီးစားပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်မှုမရှိတဲ့အတွက် စက် များကို စိတ်ချလက်ချမောင်းနှင်နိုင်မှု ကျဆင်းလာပြီး တာဘိုင်၊ ဂျင်နရေတာနှင့်ကွန်ထရိုးစင်တာများ မကြာခဏချို့ယွင်းမှုပေါ် ပေါက်တဲ့အခါမှာ အရေးပေါ်ရပ်တန့်ပြီး မြန်မာအင်ဂျင်နီယာများက ပြုပြင်ပြီးပြန်လည်မောင်းနှင်ခဲ့ကြတာဖြစ်ပါတယ်''ဟု ၎င်း ကပြောသည်။

ချေးငွေများကို ခွဲဝေအသုံးပြုရန်လျာထားရာတွင် ရဲနွယ်စက်ရုံကိုပြုပြင်ရန် ယူရို၅ဒသမ၄သန်း၊ ဇောင်းတူစ က်ရုံကိုပြုပြင်ရန်ယူရို၁၆ဒသမ၄သန်း၊ ကင်းတားစက်ရုံကိုပြုပြင်ရန်ယူရို၂ဒသမ၄သန်း၊ သဖန်းဆိပ်စက်ရုံကို ပြုပြင်ရန်ယူရို၆ဒသမ၅သန်း၊ မုန်းချောင်းစက်ရုံ ကိုပြုပြင်ရန် ယူရို၃ဒသမ၃သန်းဖြင့် စက်ရုံကြီးများပြင်ဆင်ရန်အတွက် စုစုပေါင်း ယူရို၃၄သန်းအသုံးပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းသည်။

ချေးငွေယူရို ၃၅ဒသမ၇သန်းအနက် ကျန်ရှိသည့်ယူရို ၁ဒသမ၇သန်းကိုမူ စီမံကိန်းအတိုင်ပင်ခံငှားရမ်းခြင်းအတွက် အသုံးပြုရန်လျာထားသည်ဟုဆိုသည်။

''စီမံကိန်းအတိုင်ပင်ခံငှားရမ်းခြင်းအတွက် ယူရို ၁ဒသမ၇သန်းခန့် လျာထားတာဖြစ်ပါ တယ်''ဟု ၎င်းကပြောကြားခဲ့သည်။

 လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ၃၁ရက်အထိ ချေးယူခဲ့သောပြည်ပကြွေးမြီပမာဏမှာ အမေရိကန်ဒေါ်လာ ၆၂၀၂ဒသမဝ၃၆သန်းရှိပြီး၊ ပေးဆပ်ရန်လက်ကျန်မှာ ကန်၃၀၂၆ဒသမ၇၉၄သန်းဖြစ်ကြောင်း ဦးမောင် မောင်ဝင်းကပြောကြားသည်။

 

ယခုချေးငွေကို ရယူဖြစ်ခဲ့ပါက ယင်းချေးငွေအတွက် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုး ယူရို ဝဒသမ၂၄သန်းနှစ်စဉ်ပေးဆပ်ရမည်ဖြစ်ပြီး ပြန်ဆပ်ကာလရောက်လျှင် အတိုးအရင်း တစ်နှစ်လျှင်ယူရို ၂ဒသမ ၉၇၅သန်းခန့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းဒေသကြီးအ တွင်း ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ကောင်းမွန်ရေးစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ထိုင်းနိုင်ငံ NEDAထံမှ ထိုင်းဘတ် ၁၄၅၈ဒသမ၂၄၉သန်းချေးယူရန်လည်း လွှတ်တော် သို့တင်ပြခဲ့သည်။

 

အဆိုပါချေးငွေသည် ဆိုင်းငံ့ကာလ ဆယ်နှစ်၊ ပြန်ဆပ်ကာလ နှစ်၂၀ဖြစ်သောကြောင့် စုစုပေါင်း နှစ်၃၀ဖြစ်သည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁ဒသမ၅ရာခိုင်နှုန်းဖြစ်သည်။

Region Read 78 times