ရထားလမ်း၊ ကားလမ်း ခုံးကျော်တံတားသစ် တည်ဆောက်နေသော အလုံမြို့နယ်


05 March, 2019

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အလုံလမ်းမကြီးနှင့် ရထားလမ်းဖြတ်ကူးရာ အလုံလမ်းပိုင်းရှိ ရထားလမ်း၊ ကားလမ်း ခုံးကျော်တံတားစီမံကိန်းကို မြန်မာ့မီးရထားဘောင်အလုပ်ရုံ(မလွှကုန်း) အင်ဂျင်နီယာဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိရာ ယင်းစီမံကိန်းလုပ်ငန်းပြီးစီးပါက အလုံဘူတာတွင် မိုးရာသီကာလရေဝပ်ခြင်းကြောင့် မြို့ပတ်ရထားများ ရပ်ဆိုင်းထားသည့်အခြေအနေမှ ကင်းဝေးစေမည်ဖြ စ်ကြောင်း မြန်မာ့မီးရထား တံတားဘောင်အလုပ်ရုံ(မလွှကုန်း)ရုံးမှ အင်ဂျင်နီယာမှူးဦးမောင်ချို၏ ပြောပြချက်အရ သိရသည်။

" အလုံဘူတာက မိုးရွာရင် ရေဝပ်တဲ့အတွက်" ဒီဘူတာကို ဝင်ထွက်နေတဲ့ မြို့ပတ်ရထားနဲ့ တခြားရထားတွေ ရပ်ထားရပါတယ်။ ဒီတံတားက နိမ့်ပြီးကျဉ်းတယ်။ ဒါကြောင့် မိုးရွာရင် ရေထွက်စရာမရှိဘဲရေဝပ်နေတယ်။  အခုတံတားသစ်ကို တည်ဆောက်ပြီးရင် ရထား လမ်းကိုလည်း အဆင့်မြှင့်နိုင်မယ်။ ရထားလမ်းဘေးမှာ ရေမြောင်းလုပ်ပြီး အဲ့ဒီမှာ ဝပ်နေတဲ့ရေတွေ သက်ဆိုင်ရာရေထွက်ပေါက်ကို  စီးဆင်းစေမှာ ဖြစ်ပါတယ်" ဟု ဦးမောင်ချိုက ပြောသည်။

လက်ရှိ အလုံရထားလမ်း၊ ကားလမ်းခုံးကျော်တံတားသည် အရှည် ၃၁ ပေ ၆လက်မရှိရာ  ကျဉ်းမြောင်းနေ၍ တံတားနှင့် ရထားလမ်းကြားတွင် ရေမြောင်းဖောက်လုပ်နိုင်မှုမရှိကြောင်း၊ အမြင့်မှာ ၁၂ ပေနှင့် ၆ လက်မသာရှိ၍ ရထားလမ်းများပြေးဆွဲရာတွင် ထားရှိရမည့် အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်နေသည့်အတွက် ရထားလမ်းကို အပေါ်သို့ ထပ်မြှင့်၍မရဖြစ်နေကြောင်း သိရသည်။

ယခုအခါ အမြင့် ၁၇ ပေခွဲ အကျယ် ၅၅ ပေရှိသည့် တံတားအသစ်တည်ဆောက်နေပြီဖြစ်သည်။ ရေမြောင်းများစနစ်တကျ တည်ဆောက်ခြင်းများကိုလည်း လုပ်ဆောင်ပြီး လက်ရှိ ကားလမ်း အကျယ် ၂၆ ပေ ၆ လက်မရှိနေရာမှ ၄၄ပေ အကျယ်အထိရအောင် ဆောင် ရွက်ကာ လေးလမ်းသွားအဖြစ် ဖောက်လုပ်နေခြင်းဖြစ်သည်။

အလုံလမ်းရထားလမ်းခုံးကျော်တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် RC ဘိုးပိုင်ဖောင်ဒေးရှင်းဖြစ်ပြီး Rc Card နှင့် RC Sharp ဖြင့် တည်ဆောက်ကာ တံတားဘောင်အလုပ်ရုံမှ ထုတ်လုပ်သော PC Girders ၅၇ ပေ ၃ လက်မ တင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် RC ကွန်ကရစ်ကြမ်းခင်းဖြစ်သည်။ ယခုနှစ်ဘတ်ဂျက်တွင် ငွေကျပ်သန်း ၂၀၀ ပါဝင်ပြီး လာမည့်နှစ်ဘတ်ဂျက်ရယူကာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလပိုင်းတွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

Source: Myawaddy

Local Read 53 times