ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် နေပြည်တော်နှင့် မန္တလေးအပြည်ပြည် ဆိုင်ရာ လေဆိပ်တို့၌ လေယာဉ်စောင့်ကြည့်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr.Ichiro MARUYAMA ၏ပြောကြားချက်အရ သိရသည်။
အဆိုပါစီမံကိန်းအတွက် ဂျပန်ယန်း၂၈၂၈ သန်း အသုံးပြုမည်ဖြစ်ပြီး လေဆိပ်သုံးခုအတွင်း လေကြောင်းထိန်းရေဒါကို အဆင့်မြှင့်တင်မည်ဖြစ်သည်။ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် စိုက်ပျိုးရေး ကဏ္ဍနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အကူအညီများ ပေးအပ်မည်ဖြစ်ပြီး ကျေးလက်ဒေသများအတွက် လယ်ယာသုံးစက်ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် ဂျပန်ယန်း ၄၄၄ သန်း အသုံးပြု မည်ဖြစ်ကာ စုစုပေါင်း ဂျပန်ယန်း ၃၂၇၂ သန်း အကူအညီပေးမည်ဖြစ်ကြောင်း သိရသည်။
''ပို့ဆောင်ဆက်သွယ်ရေးနဲ့ စိုက်ပျိုးရေး ကဏ္ဍကောင်းမွန်ဖို့အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာမှာပါ။ လေကြောင်းအတွက်ဆိုရင် စောင့်ကြည့်ရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက်လည်း အကူအညီပေးမှာဖြစ်ပါတယ်။ ဒါ့ပြင်လေယာဉ်ပျံသန်းမှုတွေမှာ ဘေးကင်းလုံခြုံ မှုရှိဖို့လိုပါတယ်။ လေဆိပ်သုံးခုမှာ ဆောင်ရွက်ပေးမှာပါ'' ဟု H.E. Mr.Ichiro MARUYAMA ကပြောသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ သယ်ယူပို့ဆောင်ရေး ကဏ္ဍတိုးတက်ရေးနှင့် တိုးပွားလာမည့် ခရီးသွားများ အတွက် လိုအပ်သော ကဏ္ဍများတွင် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်လျက်ရှိပြီး လိုအပ်ချက်များကို နိုင်ငံတကာ အကူ အညီများ ရယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။