မန္တလေးမြို့ရှမ်းကလေးကျွန်းကျေးရွာအနီးဧရာဝတီမြစ်အတွင်းအကောင်အထည်ဖော်မည့် အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းကိုစတင်လုပ်ကိုင်ခွင့်ပြုကြောင်းတိုင်းအစိုးရအဖွဲ့မှသိရသည်။
ကနဦးအနေဖြင့်အမရပူရ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်မည့်ကုမ္ပဏီအတွက် စီမံကိန်းဧရိယာမြေဧက ၂၀ ပေါ် တွင်ရုံးခန်းအဆောက်အအုံများစတင်ဆောက်လုပ်ခွင့်ပြုခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှပြောသည်။
ဧက ၂၀ လောလောဆယ်ပုံစံ (၁၀၅) ကူးခွင့်ပြုထားပြီးOffice Tower များဆောက်ရန်အတွက်ဖြစ်ကြောင်း အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ဖော်ရန်ခွင့်ပြုထားသည့်အခြေအနေနှင့်ပတ်သက်၍ ဝန်ကြီး ချုပ်ကပြော သည်။
ယင်းအဆောက်အအုံများတည်ဆောက်ပြီးစီးမှတစ်ဆင့်ချင်းစီဆက်လက်လုပ်ကိုင်ခွင့်ပြုမည်ဟု ၎င်းကဆိုသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို မန္တလေးမြို့ရှမ်းကလေးကျွန်းကျေးရွာအနီးရှိ မြေနုကျွန်း နှင့် ကိုင်းကျွန်းမြေများအပါအဝင်မန္တလေးမြို့အနီး ဧရာဝတီမြစ်အတွင်းရှိမြေဧက ၂,၀၀၀ ကျော် ပေါ်တွင် အကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်သည်။
မြေနုကျွန်းနှင့်ရေဝပ်ဧရိယာများကိုမြေဖို့ကာတည်ဆောက်မည်ဖြစ်သည်။
စီမံကိန်းရုံးများစတင်ဆောက်လုပ်ရန်ခွင့်ပြုချက်ရခြင်းဖြစ်ပြီး ဆောက်လုပ်မှုကိုမိုးရာသီကုန်မှ စဆောက်မည်ဖြစ်သည်။
ယင်းစီမံကိန်းရုံးများနှင့်တစ်ပြိုင်နက်တည်း ဧရာဝတီမြစ်တာရိုးမှမန္တလေးမြို့ပတ်လမ်းကိုအဆင့်မြင့်တိုးချဲ့တည် ဆောက်မည်ဖြစ်သည်။
MBCCD ကုမ္ပဏီသည်စီးပွားရေးလုပ်ငန်းရှင်ပိုင်ဆိုင်သောကုမ္ပဏီဖြစ်ပြီးအမ ရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန်တည်ထောင်ထားခြင်းဖြစ်သည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်းနှင့် ဧရာ ဝတီမြစ်ကြောင်းပြောင်းကာစီမံကိန်းနှင့်ထိစပ်နေသည့် အင်းဝ၊ တံတားဦး၊ စစ်ကိုင်း စသည့် ရှေး ဟောင်း သမိုင်းဝင်နေရာများထိခိုက်မှုရှိလာမည်ကိုဒေသခံအရပ်ဘက်အဖွဲ့အစည်းများကစိုးရိမ်မှုများရှိနေသည်။ စီမံကိန်းဧရိယာနှင့်ဆက်စပ်နေသည့်ဒေသခံများကလည်းအဆိုပါတည်ဆောက်ရေးစီမံကိန်းများကြောင့် ၎င်းတို့၏လူနေမှုဘဝများအပေါ်ဆိုးကျိုးသက်ရောက်မည်ကိုစိုးရိမ်ကြောင်းပြောသည်။
အမရပူရမြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသည် ဧရာဝတီမြစ်အတွင်းမြေဖို့ကာအကောင်အထည်ဖော်မည့်စီမံကိန်းဖြစ်ပြီး မန္တလေး၊ အင်းဝ၊ အမရပူရ စ သည့်ရှေးဟောင်းမြို့များနှင့်ဆက်စပ်သည့်နေရာဖြစ်၍ မြစ်ကြောင်းပြောင်း ခြင်းနှင့် မြစ်ကမ်းပြိုကျခြင်းကဲ့သို့ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းဒေသခံအရပ် ဘက်အဖွဲ့အစည်းများကပြောကြားသည်။
သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ စွန့့်ပစ်ရေဆိုးများကြောင့်နေ့စဉ်လူနေမှုဘဝအပေါ်ထိခိုက်မည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ပြောသည်။
စီမံကိန်းနှင့်သက်ဆိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝအပေါ်သက်ရောက်မှုဆိုင်ရာ စစ်တမ်း (EIA, SIA) များကိုတိုင်းအစိုးရအဖွဲ့ထံတင်ပြထားပြီးဖြစ်သည်ဟု MBCCD ကုမ္ပဏီကဆိုသည်။
စီမံကိန်းပထမအဆင့်တွင်ပါဝင်မည့် မြေယာများ၏ ၇၀ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး စီမံကိန်းတည်ဆောက်ခြင်း လုပ်ငန်းကို ၁၀ နှစ် သတ်မှတ်ထားသည်ဟု MBCCD ကုမ္ပဏီကဆိုသည်။
Source:imyanmarhouse