ပြည်တွင်းရှိ တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်ရှိသည့် ဥပဒေတစ်ရပ်ပြဌာန်းနိုင်ရန် တိုက်ခန်းအိမ်ရာ အဆောက်အအုံဆိုင်ရာ အဆိုပြုလွှာဥပဒေမူကြမ်း ရေးဆွဲလျက်ရှိကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ သိရသည်။
အဆိုပါဥပဒေနှင့် ပတ်သက်၍ သြဂုတ်လ အတွင်းပြည်သူ့လွှတ်တော်ဥပဒေမူကြမ်းကော်မတီထံတင်ပြရန် စီစဉ်ထားပြိး ယင်းဥပဒေ အတည်ပြုပြီးပါက တိုက်ခန်းဝယ်ယူသူများအတွက် အာမခံချက်ရှိစေမည့် အပြင်တိုက်ခန်းဝယ်လိုအားလည်း တိုးတက်လာမည်ဖြစ်သည်။
တိုက်ခန်းများအတွက် အာမခံချက်ရှိသည့် တိုက်ခန်းအိမ်ရာအဆောက်အအုံဆိုင်ရာ အဆိုပြုဥပဒေမူကြမ်းရေးဆွဲမှုအပေါ် လိုင်စင်ရကန်ထရိုက်တာများ ကြိုက်နှစ်သက်ပြီး လက်ရှိတွင် တိုက်ခန်းဝယ်ယူသူများသည် အာမခံချက်မရှိသဖြင့် ဝယ်လိုအား မရှိသလောက်ကျဆင်းနေကြောင်းသိရသည်။
"ယင်းဥပဒေက ရှိသင့်နေပါပြီ။ယခုနောက်ပိုင်း တိုက်ခန်းများအရောင်းအဝယ်မကောင်းဘူး။တချို့ကန်ထရိုက်တာများကလည်း အရှုံးကာမိအောင် အငှားဈေးကွက် ပြန်လုပ်သည်များရှိတယ်။ဥပဒေ ထွက်ရှိလာလျှင် စနစ်တကျရှိလာမယ်။ဝယ်ယူသူတွေအတွက်လည်း အာမခံချက်ရှိလာမယ်။တိုက်ခန်းဈေးကွက်ပြောင်းလဲလာမယ်။ ဈေးကွက်သည် အကောင်းဘက်ကို ဦးတည်လာဖို့အဓိက ဖြစ်သည်" ဟု ပြောကြားခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ အိမ်ခြံမြေတိုက်ခန်းဈေးကွက်သည် ဈေးနှုန်းအမြင့်ဆုံးတွင်ရှိနေသဖြင့် တိုက်ခန်းများ ဝယ်ယူနေထိုင်ရန်အခက်အခဲ ရှိသူများကြောင်း ယင်းအတွက်ငှားရမ်းနေထိုင်သူများသာ ရှိပြီး ကျူးကျော်နေထိုင်သူများပင်ရှိကြောင်းနှင့် တိုက်ခန်းများရောင်းအား ကျဆင်းနေသော်လည်း တိုက်ခန်းလိုအပ်သူအများအပြားရှိနေသေးကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။