မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်များစွာက စီးပွားရေးပိတ်ဆို့မှုများ ခံခဲ့ရခြင်းကြောင့် စက်မှုဇုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးလျက်ရှိသည်။
ထို့ပြင်စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊အင်တာနက်လိုင်းနှင့် လုံခြုံရေးစသည့်ကဏ္ဍရပ်များကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန်လိုကြောင်း သိရသည်။
စက်မှုဇုန်ဖွံ့ဖြိုးရေးတွင်လိုအပ်ချက်ရှိသည့်နေရာအား ဖန်တီးပေးနိုင်ရန် ရောင်းချပေးနိုင်ရန်ဆိုတာ ရင်းနှီးမြှုပ်နှံသူများ စဉ်းစားရမည့် အချက်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန် ၂၉ ဇုန် ရှိသည့် အထဲမှ မြောက်ဥက္ကလာပ စက်မှုဇုန်သည် ၁၉၅၈-၅၉ ခုနှစ်က ရပ်ကွက်ပေါင်း ၁၄ရပ်ကွက်ဖြင့် စတင်ဖော်ထုတ်ခဲ့ရာ
မြောက်ဥက္ကလာပ စက်မှုလုပ်ငန်းရှင် များကို ၁၉၅၉-၆ဝ ခုနှစ်တွင် မြေနေရာချထားပြီး စက်မှုလုပ်ငန်းများ စတင်လုပ်ကိုင်စေခဲ့သည်။
မြောက်ဥက္ကလာပ စက်မှုဇုန်သည် မြောက်ဥက္ကလာပ မြို့နယ်အဝိုင်းထိပ်၊သုဓမ္မာလမ်းမ၊အမှတ်(၃)လမ်းမဘေးတွင် တည်ရှိပြီး အရှေ့ဘက်တွင် ငမိုးရိပ်ချောင်း၊အနောက်ဘက်တွင်(ဃ)ရပ်ကွက်၊မြောက်ဘက်တွင် (င)လူနေရပ်ကွက်များ တည်ရှိသည်။
အကျယ်အဝန်းအားဖြင့် (၁၈၉.၇၈၉)ဧက ရှိပါသည်။
စက်မှုစွမ်းအား ခေတ်ကျော်လွှားဆောင်ပုဒ်နှင့်အညီ စက်မှုကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်ရန် ယခင်က စက်မှုလက်မှု ရပ်ကွက်ကို စက်မှုဇုန်အဖြစ် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ အဆင့်မြှင့်တင်ပေးခဲ့သည်။
ဖော်ထုတ်မြေကွက်ပေါင်း ၂၆၂ ကွက်မြေကွက်အားလုံးမြေနေရာချထားပေးပြီး မြေပိုင်ဆိုင်မှု ထုတ်ယူပြီးဖြစ်ပါသည်။
ထူးခြားချက်မှာ မြေကွက်အရွယ်စုံရှိသဖြင့် လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ကွက်နှုန်းလုပ်ကိုင်ခြင်းမဟုတ်ဘဲ နှစ်ကွက်မှ ခြောက်ကွက်အထိ လုပ်ကိုင်နေကြောင်းသိရသည်။
ပေ၄ဝx ပေ၆ဝ ၈၈ကွက်၊ပေ၁ဝဝ ပတ်လည် ၁၅ကွက်၊ပေ၁ဝဝx ပေ၁၅ဝ ၁၅၉ကွက် စုစုပေါင်း ၂၆၂ ကွက်ဖော်ထုတ်ထားသည်။
၁၅၅၉-၆ဝ ခုနှစ်ကတည်းက မြေကွက်များ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါ၍ သက်ဆိုင်ရာဌာနများတွင်မြေနေရာတိုးချဲ့ရန် မြေမရှိသေးပါ။
မြောက်ဥက္ကလာပ စက်မှုဇုန်အနေဖြင့် လုပ်ငန်းသစ်တိုးချဲ့ရန် မြေနေရာမရှိပါ၍ လုပ်ငန်းသစ်များ တိုးချဲ့ခြင်းထက်လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများကို အရည်အသွေးကောင်းမွန်သော ပစ္စည်းအသစ်များဖြင့် တိုးချဲ့ထုတ်လုပ်သွားရန်သာရှိကြောင်း သိရသည်။