ကန်တော်ကြီး အတွင်းရှိ ငါးပြတိုက်


20 December, 2020

ရန်ကုန်မြို့ ကန်တော်ကြီး အမျိုးသားသဘာဝဥယျာဉ်အတွင်း တည်ဆောက်နေသည့်မြန်မာနိုင်ငံ၏ ပထမဆုံး ငါးပြတိုက်သည် လက်ရှိအချိန်တွင် ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ၂ဝ၂ဝနှစ်လယ်ပိုင်းတွင် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

အမေရိကန်ဒေါ်လာ ၃၄ သန်းကျော် ကုန်ကျထားပြီး ရေလုံအောင် ပြုလုပ်ခြင်း၊ စမ်းသပ်နေရခြင်းနှင့် ပညာရှင်များ ရှာဖွေမှုများ ပြုလုပ်ခြင်းကြောင့် သတ်မှတ်ချိန် မပြီးစီးခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူ က ပြောကြားသည်။

“မြန်မာနိုင်ငံမှာက ပထမဦးဆုံးပဲ။ ဒါမျိုးက တစ်နိုင်ငံလုံးမှာမှ တစ်ခုပဲရှိတာ။ ဒါတွေက ပညာပိုင်းနဲ့ အများကြီး ဆိုင်တယ်။တစ်ချို့ စမ်းသပ်တာတွေ၊ ရေလုံအောင် လုပ်တာတွေ နိုင်ငံခြားက ပညာရှင်တွေ ရှာရတာတွေ၊ ဒါတွေလုပ်တဲ့ ပညာရှင်တွေ အရမ်းရှားတော့ အဲဒါတွေကြောင့် ကြာနေတာ အပြီးသတ်ဖို့တော့ နီးပါပြီ။ ပြီးရင်တော့ ကိုယ့်နိုင်ငံမှာ ပထမဦးဆုံးနဲ့ အကြီးဆုံး ရေချို၊ ရေငန် ငါးပြတိုက် ဖြစ်လာမှာပါ”ဟု တာဝန်ရှိသူက ပြောကြားသည်။

ငါးပြတိုက်တွင် အလှမွေးငါးနှင့် ရေချို နှင့်ရေငန် ငါးမျိုးစိတ်အားလုံးအတွက် ပြခန်းများနှင့် ရေထွက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းများအတွက် သင်တန်းပြုလုပ်ရာ နေရာများ၊ ရေထွက်ကုန်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းပေါင်း ၃၀ ကျော် ပါဝင်မည်ဟု သိရသည်။

အဆိုပါ ငါးပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဦးဆောင်မှုဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး ငါးပြတိုက်အဖြစ် မျှော်မှန်းထားကာ ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားခဲ့သော်လည်း ယခုတိုင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

ငါးပြတိုက်တည်ဆောက်နေမှုကို ရန်ကုန်တိုင်းဒေသကြိးဝန်ကြီးချုပ် ဦးဆောင်သည့်အဖွဲ့သည် ဒီဇင်ဘာ ၂၁ ရက်က သွားရောက်စစ်ဆေးခဲ့သည်။

Local Read 475 times