ရန်ကုန်မြို့ရှိ ဗိသုကာ အမွေအနှစ် များ


24 November, 2020

ရန်ကုန်မြို့မှာ နေထိုင်ကြသော လုပ်သားပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့ကို အလည်အပတ်လာရောက်သူများအပါအဝင် နိုင်ငံခြားသားများသည် ရန်ကုန်မြို့၏ အသည်းနှလုံးဖြစ်သော မြို့တော်ခန်းမနှင့်အတူ ဆူးလေစေတီတော်အနီးသို့ ရောက်ဖူးကြပါလိမ့်မည်။

ထိုအထင်ကရနေရာများထဲတွင် ယခင်က ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနအဖြစ်အသုံးပြုခဲ့ဖူးသော အမှတ် ၇၇-၉၁၊ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ထုထည်ကြီးမားခိုင်ခံ့သည့် သုံးထပ်အဆောက်အအုံကိုလည်း သတိမူမိပေလိမ့်မည်။

သမိုင်းအစဉ်အလာကြီးမားလှသည့် မြို့တော်ရန်ကုန်၏ အချက်အချာကျသည့်နေရာ၌ ၁၉၀၅ခုနှစ်တွင် Thomas Swales မှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အထောက်အထားများအရ သိမှတ်ခွင့်ရပါသည်။

ထိုအဆောက် အအုံကို ကုန်တိုက်တစ်ခုအနေဖြင့် စတင်အသုံးပြုခဲ့ပါသည်။

ထို့နောက်တွင် စာပေတိုက်အဖြစ်လည်းကောင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးရုံးအနေဖြင့်လည်းကောင်း၊ အစိုးရရုံးဌာနအနေဖြင့် တဖန် အဆက်ဆက်အသုံးပြုခဲ့ပါသည်။

ထိုသို့ အများပြည်သူအတွက် အမျိုးမျိုးအဖုံဖုံသော လုပ်ငန်းတာဝန်များအတွက် အသုံးပြုခဲ့သော်လည်း ယနေ့ထက်တိုင် ခိုင်မာစွာရပ်တည်လျှက်ရှိပါသည်။

မြန်မာလူမျိုးကုန်သည်ကြီးဖြစ်သည့် သူဌေးကြီးဦးဘညွန့်သည် အိန္ဒိယကုန်သည်ကြီးတစ်ဦးထံမှ ထိုအဆောက်အအုံကို ၁၉၁၈ခုနှစ်တွင် ဝယ်ယူခဲ့ပါသည်။

ထိုခေတ်အချိန်အခါတွင် မြန်မာ့စီးပွားရေးလောက၌ ဗြိတိသျှလူမျိုးများနှင့် အိန်္ဒိယလူမျိုးများကသာ ဦးစီးလုပ်ကိုင်ခြင်း ရှိခဲ့သောကြောင့် ဦးဘညွန့်သည်

မြန်မာ နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံသားပိုင်ကုန်တိုက်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါသည်။

သူဌေးကြီးဦးဘညွန့် သည် ၎င်း၏မိသားစုနှင့်အတူ ထိုအဆောက်အအုံ၏ အပေါ်ဆုံးထပ်တွင် နေထိုင်ပြီး အဆောက်အအုံ၏ အောက်ထပ်အလွှာများကို ကုန်တိုက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုကုန်တိုက်ကို “Myanmar Favorite” ဟု လူသိများပြီး ကုန်တိုက်သည် ဆူးလေဘုရား၏ အခြားတစ်ဘက်တွင်ရှိသော အရည်သွေးမြင့်ပြီး တန်ဖိုးကြီးကုန်ပစ္စည်းများ တင်သွင်းရောင်းချသည့်

ဗြိတိသျှလူမျိုးပိုင်Rowe & Co ကုန်တိုက်နှင့် ယှဉ်ပြိုင်ရုန်းကန်ရင်း ကုန်တိုက်လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့ပါသည်။

ထို့ကြောင့် ၁၉၃၀ပြည့်နှစ်များတွင် ဆူးလေစေတီတော်ပတ်ဝန်းကျင်သည် နိုင်ငံကျော်စီးပွားရေးလုပ်ငန်းများဖြင့် စည်ကားခဲ့ သည်ကို ထိုအဆောက်အအုံက သက်သေပြနေပေတော့သည်။

၁၉၂၀ ခုနှစ်တွင် ဦးဘညွန့်သည် ထိုအဆောက်အအုံကို ဒဂုန်စာပေတိုက်အဖြစ် အသုံးပြုခဲ့ပါသည်။ ဒဂုန်မဂ္ဂဇင်းသည်လည်း မြန်မာနိုင်ငံအတွက် အစောဆုံးထွက်ရှိလာသော မဂ္ဂဇင်းများတွင် အပါအဝင်ဖြစ်ခဲ့ ပေသည်။

ဒဂုန်မဂ္ဂဇင်းထုတ်ဝေဖြန့်ချိပြီး မကြာမီအချိန်ကာလများတွင် ထိုအဆောက်အအုံသည် စာပေပညာရှင် များစုဝေးရာနေရာတစ်ခုအဖြစ် ရပ်တည်လာရုံသာမက နိုင်ငံကျော်စာပေပညာရှင်များ၏ မွေးရပ်မြေအဖြစ်ပါ ရပ်တည်လာနိုင်ခဲ့ပါသည်။

ဒဂုန်စာပေတိုက်၏ အရှိန်အဝါကြီးမားမှုကြောင့် ထိုစာပေတိုက်မှ ထွက်ရှိလာသော စာပေပညာရှင်များသည် ယင်းတို့၏ နာမည်တွင် “ဒဂုန်”ဟူသော အမည်နာမကို ဂုဏ်ယူစွာ ထည့်သွင်း သုံးစွဲကြပါသည်။

ထိုစာပေပညာရှင်များထဲတွင် မြန်မာ့စာပေသမိုင်း၌ ထင်ရှားကျော်ကြားခဲ့သော စာရေး ဆရာကြီးများမှာ ဆရာကြီးဒဂုန်တာရာ၊ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသမီးစာရေးဆရာမကြီးဖြစ်သော

ဆရာမဒဂုန်ခင်ခင်လေး (၁၉၀၄-၁၉၈၁)၊ ဆရာဒဂုန်ရွှေမြှား တို့ဖြစ်ကြပါသည်။ အခြားနာမည်ကျော် စာပေပညာရှင်များမှာ ဆရာသိပ္ပံမောင်၀ (၁၈၉၉-၁၉၄၂) နှင့် ဆရာမခင်မျိုးချစ် (၁၉၁၅-၁၉၉၉) ဖြစ်ကြပါသည်။

ထို့အပြင် ထိုအဆောက်အအုံရှေ့တွင် ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကလည်း ရှိနေပါသေးသည်။

ထိုသည်ကား ယနေ့၂၁ရာစု ရောက်သည့်တိုင် စာပေပရိတ်သတ်တို့ကို ဖမ်းစားထားနိုင်သည့် စာပေများကိုမွေးဖွားပေးသူ ဆရာကြီးပီမိုးနင်း (၁၈၈၃-၁၉၄၀)၏ နောက်ဆုံးခြေလှမ်းပင်ဖြစ်ပါသည်။

၁၉၄၀ခုနှစ်၊ ဇန်နဝါရီ (၆)ရက်တွင် ဆရာကြီးပီမိုးနင်းသည် ဒဂုန်စာပေတိုက်မှထွက်လာပြီး ထိုအဆောက်အအုံရှေ့ရှိ ကားလမ်းမပေါ်တွင် မတော်တဆဒဏ်ရာရရှိခဲ့ပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံတွင် ကွယ်လွန်ခဲ့ပါသည်။

စာပေသမိုင်းတွင် အဖိုးထိုက်တန်လှသော ကြယ်ပွင့်တစ်ပွင့်သည် ထိုအဆောက်အအုံ၏ ရှေ့တွင် ကြွေလွင့်ခဲ့သည့် အကြောင်းအရာသည်လည်း ထိုအဆောက်အအုံ၏ အမှတ်တရများထဲမှ တစ်ခုပင်ဖြစ်နေတော့သည်။

မြန်မာ့ပထမဆုံးရုပ်ရှင်ကုမ္ပဏီဖြစ်သော “အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေး”ကိုလည်း ၁၉၄၀ခုနှစ်တွင် ထိုအဆောက်အအုံ၌ပင် သူဌေးကြီးဦးဘညွန့်က တည်ထောင်ခဲ့ပါသည်။

အေဝမ်းရုပ်ရှင်ထုတ်လုပ်ရေးသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် အစဉ်အလာကြီးမားလှပြီး  အနုပညာရှင်များစွာကိုလည်း မြေတောင်မြှောက်ပေး နိုင်ခဲ့ပါသည်။

ဒုတိယကမ်္ဘာစစ်အပြီး ၁၉၆၄ခုနှစ်တွင် ထိုအဆောက်အအုံသည် ပြည်သူပိုင် သိမ်းခံခဲ့ရပါသည်။ ထို့နောက်တွင် သမဝါယမဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆိုင်ခန်းများအဖြစ် အသုံးပြုခဲ့ ပါသည်။

တဖန် ၁၉၇၀ကျော်နှစ်များတွင် မြန်မာခရီးသွားလုပ်ငန်းရုံးကို ထိုအဆောက်အအုံသို့ ပြောင်းရွှေ့လာ ခဲ့ပြီး ဆိုရှယ်လစ်စနစ်အတွင်းတွင် နိုင်ငံခြားသားများကို အကန့်အသတ်များဖြင့် ဝင်ရောက်လည်ပတ်ခွင့်များ ပြုလာခဲ့ပါသည်။

၁၉၉၂ခုနှစ်တွင် စီးပွားရေးလုပ်ငန်းများ ပိုမိုပွင့်လင်းလာသည်နှင့်အမျှ ခရီးသွားလုပ်ငန်း သည်လည်းပိုမိုတိုးတက်လာတော့သည်။

ထို့ကြောင့် ဟိုတယ်နှင့် ခရီးဝန်ကြီးဌာနအနေဖြင့် ထိုအဆောက်အဦ ကို ဆက်လက်အသုံးပြုခဲ့ကြပါသည်။

ဆယ်စုနှစ်၃ခုကြာမြင့်သည်အထိ ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန၏ ရုံးအဖြစ် အသုံးပြုခဲ့ပြီး ၂ဝဝ၅ခုနှစ်ကုန်ပိုင်းတွင် မြို့တော်သစ်နေပြည်တော်သို့ အစိုးရရုံးများပြောင်းရွှေ့သွားသောအခါ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနသည်လည်း ပြောင်းရွှေ့သွားခဲ့သည်။

၂ဝဝ၈ခုနှစ်တွင် တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် အဆောက်အအုံ၏ ခေါင်မိုးများပျက်စီးသွားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာ နမှ ပြန်လည်ပြုပြင်ပေးခဲ့သည်။

အစဉ်အလာကြီးမားသော သမိုင်းအထောက်အထားများဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း များတွင် တစ်ထောင့်တစ်နေရာမှ နေရာယူခဲ့သော ဆူးလေဘုရားအနီးရှိ

သုံးထပ်အဆောက်အအုံအကြောင်းကို လေ့လာရင်းဖြင့် ဗိသုကာအမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားနိုင်စေရန် မျှော်လင့်မိပါသည်။

Local Tips Read 155 times