အထပ်မြင့်အဆောက်အအုံနှင့်ပတ်သက်၍ တနိုင်ငံလုံးအတိုင်းအတာအရ ၃၄ ထပ်သာ ခွင့်ပြုပေးလျက်ရှိကြောင်း အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများကြီးကြပ်စစ်ဆေးရေးပညာရှင်အဖွဲ့(CQHP)ဥက္ကဋ္ဌမှ ပြောကြားသည်။
"လက်ရှိတွင် တနိုင်ငံလုံးအတိုင်းအတာအရ အထပ်မြင့်ဆိုလို့ ရန်ကုန်တွင် ၃၄ ထပ် အဆောက်အအုံနှစ်လုံးပဲရှိတယ်။အထပ်မြင့်တွေကို သတ်မှတ်ချက်အနေနှင့် ဘာနဲ့တိုင်းတာလဲဆိုရင် ရွှေတိဂုံဘုရားထက်မမြင့်ရဘူး။နောက်တစ်ခုက ပင်လယ်ရေမျက်နှာပြင်အထက် ၄၁၇ ပေထက်တိုးမပေးဘူး။ဒါကြောင့်အမြင့်ဆုံးခွင့်ပြုပေးနေတာက ၃၄ ထပ်ပဲရှိပါတယ်"ဟု သိရသည်။
တနိုင်ငံလုံးအတိုင်းအတာအရ ယခုအချိန်ထိ CQHP အဖွဲ့မှ ခွင့်ပြုပေးခဲ့သည်။၁၂ ထပ်ခွဲအထပ် အဆောက်အအုံအရေအတွက်မှာ ၃ဝဝ မပြည့်သေးကြောင်း၊ယင်းအထဲတွင် အမြင့်ဆုံး ၃၄ထပ် အဆောက်အအုံနှစ်လုံးသာရှိပြီး ရန်ကုန်မြို့ အင်းယားလမ်းနှင့် ကမ္ဘာအေးဘုရားလမ်းထောင့်တွင် တလုံးနှင့် ဖိုးစိန်လမ်းတွင် တလုံးတို့ြ့ဖစ်ကြောင်း သိရသည်။
CQHP သည် ၁၂ထပ်ခွဲအထက်ရှိ အဆောက်အဦများကိုသာ စစ်ဆေးပြီး ၁၂ထပ်ခွဲအောက်အဆောက်အဦများကိုမူသက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့မှ စစ်ဆေးကြောင်း ၁၂ထပ် အထက် အဆောက်အဦများကို စည်ပင်ဌာနမှ ဦးစွာစစ်ဆေးပြီး CQHP သို့ရောက်လာကြောင်း၊ကနဦး စစ်ဆေးမှုတွင်ပင် ပင်လယ်ပြင် မျက်နှာပြင် အထက် ၄၁၇ ပေဖြင့် တိုင်း၍ တည်ဆောက်မည့်ဇုန်နေရာ၊မြေအနေအထားကို ဦးစွာ တိုင်းတာပြီးမှ အထပ်အရေအတွက် သတ်မှတ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများကို Pile Foundation ဖြင့်သာ တည်ဆောက်ခွင့်ပြုပြီး ဒီဇိုင်းထုတ်ရာတွင် E-Test နှင့်တွက်ကာရိုးရိုး Foundation နှင့်ပေးထားခြင်းမရှိကြောင်း၊Pile Foundation သည် ငလျင်ဒဏ်ကို လည်းခံနိုင်ကြောင်း ရန်ကုန်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ သိရသည်။
ထို့အပြင်အထပ်မြင့်ဆောက်လုပ်ရန် သင့်၊မသင့် ဇုန်အလိုက်မြေနေရာခွဲခြားသတ်မှတ်ထားပြီး ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ၃၃ မြို့နယ်အတွင်း မြို့တွင်းခြောက်မြို့နယ် နှင့် စမ်းချောင်း၊ဗဟန်း၊ကမာရွတ်၊ဒဂုံ၊မင်္ဂလာတောင်ညွှန့်၊ရန်ကင်း၊တာမွေ၊ကြည့်မြင်တိုင်၊အလုံ နှင့် မရမ်းကုန်းမြို့နယ်များတွင် အထပ်မြင့်တည်ဆောက်မှုကို ထိန်းချုပ်ထားကြောင်း ရန်ကုန်စည်ပင်အင်ဂျင်နီယာ ဌာန(ယာ/အုံ)မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားကြောင်း သိရသည်။