မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြင်းကို ဆက်သွယ်သည့် အတ္တရံမြစ်ကူး (စံပယ်ဂူ)တံတားသစ်တစ်စင်း တည်ဆောက်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။
အဆိုပါ အတ္တရံမြစ်ကူး (စံပယ်ဂူ)တံတားကို ပြည်ထောင်စုနှင့် ပြည်နယ်ဘတ်ဂျက် ခန့်မှန်းငွေကျပ် သန်းပေါင်း၁၁၀၀၀ ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး ၂ နှစ်တာကာလအတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်သည်။တံတားတည်ဆောက်နိုင်ရန်အတွက်၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလထိပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၅၀ ဖြင့် အကြိုအင်ဂျင်နီယာလုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည်ဟုလည်း ဝန်ကြီးချုပ်က ပြောသည်။
ကျိုက်မရောမြို့နယ်တွင် လူဦးရေ၂၂၄ဝဝဝ ကျော်နေထိုင်လျက်ရှိပြီးအတ္ထရံမြစ်အရှေ့ဘက်ခြမ်းတွင် ကျေးရွာအုပ်စု ၃၁ စု၊ ကျေးရွာပေါင်း ၉၇ ရွာမှလူဦးရေ ၁၃၃၀၀၀ ကျော်ရှိကာ အတ္ထရံမြစ်အနောက်ဘက်ခြမ်းတွင်ကျိုက်မ ရောမြို့ပေါ် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု၁၃ စု၊ ကျေးရွာပေါင်း ၆၁ တို့တွင်လူဦးရေ ၉၀၀၀၀ ကျော် နေထိုင်ကြသည်။အဆိုပါ တံတား တည်ဆောက်ပြီးပါက ကျိုက်မရော မြို့နယ်အတွင်းလွယ်ကူလျင်မြန်စွာသွားလာနိုင်သည့်အပြင် ထိုင်းနယ်စပ်ဖြစ်သည့် မြဝတီသို့လည်း လက်ရှိအသုံးပြုနေသည့် လမ်းကြောင်းထက် အချိန်တိုအတွင်း သွားလာသည်ဟု ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ပြောသည်။
လက်ရှိတွင် အတ္တရံမြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သွားလာရန်အတွက် ကျိုက်မရော-တရနာကော့ပနောလမ်းကို အသုံးပြုနေရပြီးလမ်းအရှည်သည် ၄၇ ဒသမ ၂၀ကီလိုမီတာ ရှိသည်။အတ္တရံမြစ်ကူး (စံပယ်ဂူ) တံတားတည်ဆောက်ပြီးပါက အတ္တရံမြစ်
အရှေ့ခြမ်းနှင့် အနောက် ခြမ်းကိုကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းအသုံးပြုနိုင်ပြီး အဆိုပါလမ်းသည်အရှည် ၉ ဒသမ ၁၇ ကီလိုမီတာရှိကာလက်ရှိ အသုံးပြုနေသည့်လမ်းထက်အရှည် ၃၈ ဒသမ ၀၃ ကီလိုမီတာသက်သာ လျော့နည်းသွားမည် ဖြစ်သည်ဟု စီမံကိန်းအစီရင်စာ အချက်အလက်အရ သိရသည်။
အတ္ထရံမြစ်ကူး (စံပယ်ဂူ) တံတားသည် သံမဏိသံဘောင်၊ သံကူကွန်ကရစ်ကြမ်းခင်းတံတား အမျိုးအစားဖြစ်ပြီး တံတားအရှည် ၆၄၂ ဒသမ ၈၀မီတာ (၂၁၀၉ ပေ)ရှိကာ တံတားအကျယ်မှာ ၉ ဒသမ ၅ မီတာ (၃၁ ပေ၂ လက်မ) ရှိသည်ဟု တံတား စီမံကိန်းအချက်အလက် အစီရင်ခံစာအရ သိရသည်။
Source:Dawei Watch