တည်ဆောက်မည့် ပခုက္ကူအဆင့်မြင့် ကားကြီးကွင်းသစ်


14 August, 2019

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအတွက် အချက်အချာကျသော မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ အဆင့်မြင့်ကားကြီးကွင်းသစ်ကို အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ကားကြီးကွင်းသစ်အကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ထွေးပြောကြားချက်အရ သိရသည်။
 
အဆိုပါ အဆင့်မြင့်ကားကြီးကွင်းအသစ်သည် ပခုက္ကူမြို့ မြောက်ဘက် ရေစကြိုလမ်းဆုံ မြို့ရှောင်လမ်းဘေး စီမံကိန်းရုံးအနောက်ဘက် မြေ ၂၃ ဧကတွင် လုပ်ငန်းတင်ဒါအောင်မြင်ထားသော ပခုက္ကူစတားနှင့် မင်းဓမ္မဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

" တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီလပထမပတ်လောက်မှာ တည်ဆောက်ခွင့်ပေးခဲ့တာပါ။ အောက်တိုဘာလမှာ လုပ်ငန်းစတင်ဆောင်ရွက်မှာပါ။ အဲ့ဒီအတွက် ကုမ္ပဏီတွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း စံချိန်စံညွန်းသဘောတူညီမှုကို စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းထားပါတယ် "ဟု ၎င်းကပြောသည်။

ကားကြီးကွင်းသစ်ကို မြန်မာနိုင်ငံတွင် ပထမဆုံး အဆင့်မြင့်ဆိုက်ရောက်ထွက်ခွာစနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ ကားကြီးကွင်းသစ်တည်ဆောက်ပြီးပါက ဒေသခံများအတွက် စီးပွားရေးနှင့် ကူးသန်းသွားလာရေး ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။

Local Read 41 times