အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ဇွန် ၃ဝ ရက်မှ ဇူလိုင် ၁ဝ ရက်အထိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ် မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ အစည်းအဝေးတွင် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။
''မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ကနေ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားတာ ဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ကျွန်မတို့အနေနဲ့ ကလည်း ဒီလိုဖြစ်ပေါ်လာဖို့ကို ကြိုးစား ဆောင်ရွက်ခဲ့ ကြတာပါ။ ပုဂံဒေသဟာ ကမ္ဘာ့အမွေအနှစ် စာရင်းကို Criteria သုံးခုနဲ့ ဝင်သွား တာပါ။ တစ်ခုနဲ့ ဝင်နေရင်တောင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ က ပုဂံ ချစ်မြတ်နိုးသူအဖွဲ့တွေ၊ နှလုံးသားထဲက ပုဂံဓာတ်ပုံအဖွဲ့တွေနဲ့ မြန်မာနိုင်ငံက ရုပ်ရှင် အနုပညာရှင် တွေကလည်း ပုဂံဒေသကြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ အဇာဘိုင်ဂျန် ညီလာခံကို တက်ရောက် အားပေး နေကြပါတယ်''ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(နေပြည်တော်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရင်သိန်းနွယ်က ပြော သည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းကို တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက် သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှု တစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခုအနေဖြင့် ကျန်ရှိနေမှု၊ လူ့သမိုင်းတွင် သိသာ ထင်ရှားရ သော အဆင့်အတန်း သို့မဟုတ် ထို့ထက်ပိုစွာ ဖော်ပြထားသော အဆောက်အအုံ ပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ၊ လူသားအားလုံး အသိအမှတ်ပြု လက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေး အခေါ်များ၊ ယုံကြည်မှု၊ အနုပညာစာပေ လက်ရာများဖြင့် ဆက်စပ်ဖြစ်ပျက် နေခဲ့မှုများကို ကမ္ဘာလုံး ဆိုင်ရာ စံတန်ဖိုးများဖြင့် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး ကော်မတီသို့ တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန(နေပြည်တော်)မှ သိရ သည်။
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ကျင်းပနေသော ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ် ကျေးမှုဆိုင်ရာ အဖွဲ့(UNESCO)၏ (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံ သည် ဇွန် ၃ဝ ရက်မှ ဇူလိုင်၁ဝ ရက်အထိ ကျင်းပလျက် ရှိသည်။ အဆိုပါ ညီလာခံကြီးတွင် UNESCO ၏ ပြင်သစ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်ဇေယျ ဦးဆောင်၍ သာ သနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ ဖြစ်သော ဒေါက်တာ သိန်းလွင်၊ ဦးသန်းဇော်ဦး၊ ဦးအောင်ကျော်တို့ တက်ရောက်ပြီး ဆက်စပ်ဌာန ဆိုင် ရာမှ ကိုယ်စားလှယ်များ၊ ပုဂံချစ်မြတ်နိုးသူများ အဖွဲ့၊နှလုံးသားထဲက ပုဂံဓာတ်ပုံ အဖွဲ့နှင့် အနု ပညာရှင်များ တက်ရောက် ကြကြောင်း သိရသည်။
ယခုပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်လိုက် ခြင်းသည် မြန်မာနိုင်ငံ အနေဖြင့် ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်ဇွန် ၂၂ ရက်က ကာတာ နိုင်ငံ ဒိုဟာမြို့၌ ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံတွင် ပျူမြို့ဟောင်း သုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာ မြို့ဟောင်းတို့အား ပထမဆုံး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံသည် ပုဂံခေတ်မှစတင်ကာ ထေရဝါဒ ဗုဒ္ဓဘာသာကို စတင်သက်ဝင်ယုံကြည် ကိုး ကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘာသာရေးကို အခြေခံ၍ ပုဂံခေတ် ကိုယ်ပိုင်ဟန်ဖြင့် တည်ရှိခဲ့သော ရှေးဟောင်း အဆောက်အအုံ များ၏ ဗိသုကာ လက်ရာ၊ အင်္ဂတေပန်း၊ နံရံဆေးရေး ပန်းချီ စသည့် စေတီပုထိုးများနှင့် အဆောက်အအုံ များကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်း စောင့်ရှောက် နိုင်ရန် ကမ္ဘာတည်သရွေ့ တည်ရှိ နိုင်စေရန် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အတွက် တင်သွင်း ဆောင်ရွက်ခြင်း လုပ်ငန်းကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ မန္တေ လးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်စပ်ဌာန ဆိုင်ရာ မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊ ဒေသခံ ပုဂံချစ်သူများ နှင့် နှလုံးသားထဲက ပုဂံ ဓာတ်ပုံအဖွဲ့တို့ ပူးပေါင်းကာ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး အတွက် သင်တန်း များ၊ ဆွေးနွေးပွဲများ၊ သုတေသနဆိုင်ရာ အချက်အလက်များ စုစည်းခြင်းတို့ကို ၂ဝ၁၄ ခုနှစ်မှ စတင် ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီး ဌာန(နေပြည်တော်)မှ သိရသည်။