ပဲခူးမြို့ (ကလိ)လက္ကားဈေး စီမံကိန်းမှ ဆိုင်ခန်းများကို အရစ်ကျဝယ်ယူနိုင်


17 December, 2020

ပဲခူးမြို့ (ကလိ)လက္ကားဈေး စီမံကိန်းသည် Grand Style Company Limitedမှ တာဝန်ယူကာ ပဲခူးမြိုနယ်စည်ပင်သာယာရေးအဖွဲ့ ပိုင်ဆိုင်သည့်မြေဧရိယာ(၁၇)ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းတွင်ဆိုင်ခန်းပေါင်း(၃၀၀)အား အကောင်အထည်ဖော် တည်ဆောက်ရောင်းချပေးသွားမည်ဖြစ်ပြီး စီမံကိန်းပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်လွှဲပြောင်း ပေးသွားရမည်ဖြစ်သည်။

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းအား ပဲခူးမြို့အတွင်း သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းပြီး ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့တွင်းရှိ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်း စုစည်းတည်ဆောက်၍ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပဲခူးမြို့သည် လူဦးရေများပြားပြီး စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး စိုက်ရာ မြို့တစ်မြို့ဖြစ်သည်နှင့်အညီကုန်စည်စီးဆင်းရာတွင် လွယ်ကူလျှင်မြန်စေရေး၊ ယာဉ်အန္တရာယ်များကင်းရှင်းစေရေး၊ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းမကြီးဆုံရာ နေရာတွင် ကလိလက်ကားဈေး(Whole Sale Center) တည်ဆောက်ရေးလုပ်ငန်းကြီးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်းအတွင်း၌ ပွဲရုံလုပ်ငန်းများ၊ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာနှင့် လုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးနှင့် အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ၊ အဝေးပြေးကားဂိတ်များနှင့် ကုန်တင်ကားဂိတ်များ ပါဝင်မည်ဖြစ်သည်။

ဆိုင်ခန်းများကို (၁)နှစ်အတွင်း (၁၂)ကြိမ်အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ဆိုင်ခန်းဝယ်ယူသူများအနေဖြင့် ဆိုင်ခန်းကို အမည်ပေါက်ပိုင်ဆိုင်နိုင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှတ်ပုံတင်၍ ဆိုင်ခန်းပိုင်ဆိုင်မှု စာအုပ်ထုတ်ပေးမည်ဖြစ်ပြီး ဆိုင်ခန်းငှားရမ်းခ ပေးဆောင်ရန်မလိုဘဲ ဝယ်ယူထားသည့် ဆိုင်ခန်းအဆောက်အအုံနှင့် မြေအတွက်(၆) လတစ်ကြိမ် ပစ္စည်းခွန်နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းအတွက် နှစ်စဉ်လုပ်ငန်းလိုင်စင်ခွန်များကို ဆိုင်ခန်းဝယ်ယူသူမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့သို့ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

(ကလိ)လက္ကားဈေး တည်ဆောက်ရေးစီမံကိန်း ကို၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် (၁၀၀)℅အပြီး ဆောင်ရွက်ရမည်ဖြစ်ရာ ယခုအခါလုပ်ငန်းအားလုံး၏ (၅၀℅)ခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

Local Read 62 times