ပဲခူးမြို့နယ် အတွင်းရှိ ပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန်နှင့် ခေတ်မီစနစ်ကျသော မြို့ပြအိမ်ရာကြီးတစ်ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းကို ဖေဖော်ဝါရီလကတည်းက အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃)၊ တံတားအထူးအဖွဲ့ (၉) က တာဝန်ယူပြီး ပဲခူးမြို့ စိန်သာလျောင်းဘုရားလမ်းနှင့် သမိန်ဗရမ်းလမ်းအား ဆက်သွယ်သည့်လမ်းပေါ်ရှိ ပဲခူးမြစ်ကိုဖြတ်သန်း၍ တည်ဆောက်နေသောတံတားဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က တံတားတည်ဆောက်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၇၅၇ ဒသမ ၇၉ သန်းအကုန်အကျခံ တည်ဆောက်မည်ဖြစ်သည်။
တံတားစီမံကိန်းတာဝန်ခံဖြစ်သည့် ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မျိုးက တံတားတည်ဆောက်ရေးလုပ်ငန်းပိုင်း၌ တံတားအထူး အဖွဲ့ (၉)မှ ကျွမ်းကျင်အင်ဂျင်နီယာ ရှစ်ဦးကျော်နှင့် ကာယဉာဏလုပ်သား ၈၀ ကျော် တို့ဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း ပြောသည်။
အဆိုပါတံတားတွင် လူသွားလမ်းအကျယ် တစ်ဖက်လျှင် ခြောက်ပေစီ နှင့် ယာဉ်သွားလမ်းအကျယ် ၂၈ ပေ စုစုပေါင်း တံတားအကျယ်ပေ ၄၀ ရှိ၍ အရှည်ပေ ၅၁၈ ဒသမ ၄ ပေရှိပြီး သံကူကွန်ကရစ်တံတားဖြစ်ကြောင်း၊ ခွင့်ပြုယာဉ်အလေးချိန်မှာ ယာဉ်တစ်စီးချင်း တန် ၆၀ ဖြစ်ပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ် ၃၉ မီ တာနှင့် တံတားအောက် ရေလမ်းကင်းလွတ်အမြင့် သုံးမီတာရှိကြောင်း၊လက်ရှိ ၁ ဒသမ ၂ မီတာအချင်းရှိ သံကူ ကွန်ကရစ် လွန်တူးပိုင်လုပ်ငန်းများ၊ ပိုင်တိုင် ထိပ်အုပ်ငါးခု၊ ကမ်းကပ်ခုံ ကိုယ်ထည်တစ်ခုနှင့် ရေလယ်တိုင် တစ်ခုတို့ ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ပဲခူးမြစ်ကူးတံတား (မြို့ဦးကင်း) တည်ဆောက်ရေးစီမံကိန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်ပိုင်းတွင် တံတားလုပ်ငန်းများအပြီးသတ် တည်ဆောက်ရန် လျာထား ကြောင်း ၊ တံတားတည်ဆောက်ပြီးစီးပါက ပဲခူး မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့နည်း သွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းလာစေမည်ဖြစ်ကာ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။